ဒီဇင်ဘာလကုန်ပိုင်းတွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားမှ ဆွေးနွေး ချက်များသည် ၂၀၁၄ ခု နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် မွန်အမျိုးသား ညီလာခံအတွက် အထောက်အပံ့ ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ကျင်းပရေး ဦးဆောင်ကော်မတီတွင်ပါ၀င်သူ မွန်လူငယ်ဖိုရမ် အတွင်း ရေးမှူး နိုင် ဉဏ်စိုက်ရာမာဉ်က မဇ္စျိမကို ပြောသည်။
ယင်းသို့ ဆွေးနွေးရာတွင် လက်ရှိနိုင်ငံရေး၊ အမျိုးသားရေး အခြေအနေများကို အခြေခံဆွေးနွေးမည် ဖြစ်သည်ဟုလည်း ကျင်းပရေး ကော်မတီက ကြေညာထားသည်။
နိုင် ဉဏ်စိုက်ရာမာဉ်က “လက်ရှိ နိုင်ငံရေးနဲ့ အမျိုးသားရေး အခြေအနေကို အခြေခံတဲ့ ဆွေးနွေးပွဲကနေ မွန်လူငယ်တွေရဲ့ အသံတွေ ပေါ်လာမယ်။ ဒီအသံက မွန်အမျိုးသားညီလာခံ အတွက် အထောက်အပံ့ ဖြစ်လိမ့်မယ်” ဟု ပြောသည်။
မွန်လူငယ်ဖိုရမ်က ဦးစီး၍ မြို့နယ် အသီးသီးမှ မွန်လူငယ်များနှင့် ပူးပေါင်း ပြီး၊ ဒီဇင်ဘာ ၂၈ ရက်တွင် မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ မော့ကနင်ကျေးရွာ၌ မွန်လူငယ်များနေ့ကို ကျင်းပမည် ဖြစ်ကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းရှိ ဒေသအသီးသီးမှ မွန်လူငယ် များ တက်ရောက်မည် ဖြစ်သည်။
ယခုနှစ် မွန်လူငယ်များနေ့ ပွဲတော်သို့ စာပေဟောပြောပွဲ အပါအဝင် ယဉ်ကျေးမှုကပွဲနှင့် မွန်တေးဂီတပွဲ များဖြင့် ဖျော်ဖြေမည် ဖြစ်သည်ဟုလည်း ကျင်းပရေးကော်မတီက ကြေညာထားသည်။
အဆိုပါ မွန်လူငယ်များနေ့ အပြီးတွင် မွန်အမျိုးသား ညီလာခံကိုလည်း ကျင်းပရန်ရှိပြီး ယင်းညီလာခံကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်မှ ၁၅ ရက်အတွင်း မွန်တစ်မျိုးသားလုံး သွေးစည်းညီ ညွတ်ရေး၊ ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မွန်အမျိုးသား ဦးဆောင် အဖွဲ့ ပေါ်ပေါက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် မော်လမြိုင်မြို့တွင် ကျင်းပမည် ဖြစ်သည်။
ယမန်နှစ်က မွန်လူငယ်နေ့ အခမ်းအနားကို မွန်ပြည်သစ် ထိန်းချုပ်နယ်မြေ ဖြစ်သည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ် ကြီးမြို့နယ်၊ တောင်ပေါက်ရွာတွင် ကျင်းပခဲ့ပြီး မြို့နယ်အသီးသီးမှ လူငယ် ၃,၀၀၀ ကျော် တက်ရောက်ခဲ့သည်။
မွန်လူငယ်များနေ့ ကျင်းပနိုင်ခြင်းကြောင့် ဒေသအသီးသီးတွင် မြို့နယ် မွန်လူငယ်များအဖွဲ့ကို ဖွဲ့စည်းနိုင် ခဲ့ကာ၊ မွန်နှစ်ပါတီ ပေါင်းစည်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခြင်းအပြင် တိုင်းရင်းသား လူငယ်များ နှင့် ပူးပေါင်းကာ နိုင်ငံအကျိုးအတွက်လည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း မွန်လူငယ်ဖိုရမ် အဖွဲ့ဝင်တစ်ခု ဖြစ်သည့် တိုးတက်သော မွန်လူငယ် အစည်းအရုံး (MYPO) မှ ဒု-ဥက္ကဋ္ဌ မိမြ မောဝ်က ပြောသည်။
၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် မော်လမြိုင်မြို့၌ ကျင်းပသည့် မွန်လူငယ်များ အစည်းအဝေး စတင်ကျင်း ခဲ့သည့်နေ့ကို အစွဲပြုပြီး “မွန်လူငယ်များနေ့” အဖြစ် ၂၀၁၂ ခုနှစ် ဧပြီလက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ၀ယ်ပေါင်ကျေးရွာတွင် ကျင်းပသည့် တတိယအကြိမ်မြောက် မွန်လူငယ်များ နှီးနှောဖလှယ် ပွဲမှ ဆုံးဖြတ်ခဲ့သည်။