အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါ၀င်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး ညီလာခံတစ်ခု ပြုလုပ်ရန် စီစဉ်နေသည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက နိုဝင်ဘာ ၂၇ရက်တွင် မဇ္ဈိမကို ပြောသည်။
“ဒုတိယပင်လုံညီလာခံလို အားလုံးပါ၀င်မယ့် ညီလာခံလုပ်ဖို့ ကြိုးပမ်းနေတယ်”ဟု ကိုဂျင်မီက ပြောသည်။
ညီလာခံကျင်းပရေး အကောင်အထည်ဖော်မည့် ကော်မတီတစ်ခု ပေါ်ပေါက်ရေး အစည်းအဝေးကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းရှိ၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် နိုဝင်ဘာလ ၂၇ရက်တွင် ပြုလုပ်ခဲ့သည်။
ကနဦးလုပ်ငန်းစဉ်များကို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုဆုံးဖြတ်ချက် အကောင်အထည် ဖော်ရေး ပြင်ဆင်ညှိနှိုင်းရေး ကော်မတီက ဆောင်ရွက်နေခြင်း ဖြစ်ပြီး ညီလာခံအကောင်အထည်ဖော်ရေး ကော်မတီ ဖွဲ့စည်းပြီးပါက တာဝန်လွှဲပြောင်းပေးသွားမည်ဖြစ်သည်။
“ဒီဇင်ဘာလထဲမှာ ညီလာခံအကောင်အထည်ဖော်ရေး ကော်မတီဖွဲ့ဖို့ နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး ကိုခေါ်မယ်”ဟု ငွေရတုဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေး ကော်မတီဝင် ဦးတိုးကျော်လှိုင်ကပြော သည်။
အစည်းအဝေးသို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည့် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ အားလုံးတက်ရောက်နိုင်ရန် စီစဉ်မည်ဟု ဦးတိုးကျော်လှိုင်က ဆိုသည်။
အဆိုပါအစည်းအဝေးတွင် ညီလာခံ ကျင်းပရေးကော်မတီကို မည်သို့ ဖွဲ့စည်းမည်၊ ကိုယ်စားပြုတက် ရောက်မည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းရွေးချယ်ပုံ နည်းလမ်း၊ နိုင်ငံရေးမူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်တို့ကို ဆွေးနွေးရန် စီစဉ်ထားသည်။ အကောင်အထည်ဖော်ရေး ကော်မတီ၏ အဓိကတာဝန်သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင်များအပါအဝင် နိုင်ငံရေးအင်အားစုများ အားလုံး ပါ၀င်နိုင်ရေးပင် ဖြစ်သည်ဟု ဦးတိုးကျော်လှိုင်က ရှင်းပြသည်။
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဝင် ဦးမြအေးနှင့် ဦးမင်းဇေယျာ တို့ကလည်း ညီလာခံကျင်းပရေး စီစဉ်နေသည်ဟု အတည်ပြုပြောဆိုခဲ့ပြီး မျက်မှောက်မြန်မာ့နိုင်ငံရေး လိုအပ်ချက် များကို ဖြေရှင်းနိုင်ရန် ရည်ရွယ်သည်ဟု ဆိုကြသည်။
“ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အသစ်ရေးရေး၊ တိုင်းရင်းသားအရေးတွေကို ဒီညီလာခံမှာ သက်ဆိုင်သူအားလုံး ပါ၀င်ဆွေးနွေးနိုင်ကြဖို့ ရည်ရွယ်ပါတယ်” ဟု ဦးမြအေးက ပြောသည်။
ယင်းသည် ၂၀၁၃ခုနှစ်၊ သြဂုတ်လ ၈ရက်တွင် ကျင်းပခဲ့သည့် ၈၈၈၈ ငွေရတု အခမ်းအနား ကြေညာစာ တမ်းကို အကောင်အထည်ဖော်ခြင်းလည်း ဖြစ်သည်။ ကြေညာစာတမ်းတွင် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည် ထောင်စု နိုင်ငံတော်သစ်ထူထောင်ရေး၊ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးတို့ ဖော်ဆောင်ရန်လိုအပ်နေပြီး ယင်းကို ဖော်ဆောင်ရန် အမျိုးသားအင်အားစုအားလုံးပါ ၀င် သည့် ညီလာ ခံတစ်ရပ်ကျင်းပရန် လိုအပ်သည်ဟု ဖော်ပြထားသည်။
၈၈ ငွေရတုအခမ်းအနားတွင် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။ နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ရလာဒ်များကို စုစည်းကာ ကြေညာစာတမ်းအဖြစ် ထုတ်ပြန်ခဲ့ခြင်းသည်။