အစိုးရ၏ အပစ်ရပ်ရေးသဘောတူညီမှု စာချုပ်မူကြမ်းကို NCCT ပြန်သုံးသပ်ပြီ

အစိုးရ၏ အပစ်ရပ်ရေးသဘောတူညီမှု စာချုပ်မူကြမ်းကို NCCT ပြန်သုံးသပ်ပြီ
by -
မဇ္ဈိမ

လိုင်ဇာထိပ်သီးညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်များ ဖွဲ့စည်းခဲ့သည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုဝင်ဘာ ၂၆ ရက် တွင် ပြုလုပ်မည်ဖြစ်ပြီး အစိုးရ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မူကြမ်းကို ဆွေးနွေးသွားမည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

“အစိုးရပေးတဲ့ အဆိုပြုလွာကို အကျိုးအကြောင်း၊ အဆိုးအကောင်း ဝေဖန် သုံးသပ်ပြီးတော့ ဘယ်လို အကြောင်းပြန်မလဲဆိုတာ နံပါတ်-၁ တိုင်ပင်ရမယ်။ နံပါတ်-၂ က တိုင်းရင်းသားတွေလိုချင်တဲ့ ဘောင်ဝင် အောင် နှစ်ဖက်သဘောတူ အဆိုပြုလွှာ ပြန်ရေးရမယ်။ နောက်တစ်ခုက NCCT အဖွဲ့ရဲ့ လက်ရှိအလုပ် တွေ၊ ဘဏ္ဍာရေး ဘယ်လိုလုပ်မလဲဆိုတာတွေ ဒီသုံးရက်အတွင်းမှာ တိုင်ပင်သွားမယ်”ဟု ပြောသည်။

နိုဝင်ဘာ ၂ ရက် KIO ဌာနချုပ် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် ပြုလုပ်သည့် တိုင်းရင်းသား လက် နက်ကိုင် ၁၇ ဖွဲ့၏ ညီလာခံတွင် ဖွဲ့စည်းခဲ့သည့် NCCT အဖွဲ့သည် အဆုံးအဖြတ်ပေးရန် မဟုတ်သော် လည်း အခြေခံ ပြင်ဆင်မှုပြုလုပ်၍ ရရှိသည့် ဆွေးနွေးချက်များကို ပြန်လည်တင်ပြသွားမည်ဟုလည်း ခွန် ဥက္ကာက ပြောသည်။

“အဆုံးအဖြတ်ပေးတဲ့ အဖွဲ့မဟုတ်ဘူး။ ပြင်ဆင်မှုလုပ်ပြီး ပြန်တင်ပြတာပဲ။ ဒါက အခြေခံအချက်အလက် တွေ လူကြီးတွေ စဉ်းစားနိုင်အောင် စုပေါင်း တင်ပြရမယ်ဆိုတော့ ကိုယ်ကိုယ်တိုင် ကျေကျေလည်လည် လေ့လာပြီးတော့ အဘက်ဘက်မှ ပညာရှင်တွေနဲ့ ပြန်လုပ်ရမယ့်ကိစ္စပါ”ဟု ပြောသည်။

ဆွေးနွေးပွဲကို နို၀င်ဘာ ၂၆ မှ ၂၈ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင် ၂၀ ကျော် ပါ၀င် ဆွေးနွေးသွားမည် ဖြစ်သည်။ NCCT အဖွဲ့တွင် ခေါင်းဆောင်အဖြစ် နိုင်ဟံသာ၊ ခေါင်းဆောင်(၁) အဖြစ် ကရင်အမျိုးသားအစည်းအရုံးမှ ပဒိုကွယ်ထူးဝင်း၊ ခေါင်းဆောင်(၂)အဖြစ် ကချင်လွတ်လပ်ရေး အဖွဲ့ KIO မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် အဖွဲ့ဝင် ၁၀ ဦး အပါအဝင် ၁၃ ဦးအား ပြီးခဲ့သည့် နို၀င်ဘာလ ၂ ရက်က ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

NCCT အဖွဲ့ဝင်များ ဆွေးနွေးမည့် အစိုးရ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မူကြမ်းတွင် အခန်း ၁၄ ခန်းပါ၀င်ပြီး နှစ်ဖက်တပ်များ နေရာချထားရေး၊ နှစ်ဖက် နယ်မြေသတ်မှတ်ခြင်း၊ ဒုက္ခသည်များ ပြန်လည် နေရာချထားရေးတို့ ပါ၀င်သည်။

သို့သော် အစိုးရ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မူကြမ်းသည် တိုင်းရင်းသား လက်နက်ကိုင်တို့ အတွက် လက်နက်ချရေးကို ရည်ညွှန်းနေပြီး လက်ခံနိုင်ဖွယ်မရှိဟု မွန်ပြည်သစ်ပါတီက ထုတ်ဖော် ပြောဆိုထားသည်။

Most read this week