KIA တပ်ရင်း ၁၂ တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေဟုဆို

KIA တပ်ရင်း ၁၂ တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေဟုဆို
by -
မဇ္ဈိမ

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ တပ်ဖွဲ့များ အခြေချနေသော နမ်ဂေါင်ကျေးရွာသို့ အစိုးရ၏ စစ်တပ်က လှုပ်ရှားလာသဖြင့် နိုဝင်ဘာလ ၈ ရက်တွင် တိုက်ပွဲ ဆက်လက်ဖြစ် ပွားနေသည်ဟု တပ်ရင်းမှူး ဂျွန်းအောင်က မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ မန်စီမြို့နယ် နမ်လင်းပါကျေးရွာ၏ မြောက်ဘက် ရ မိုင်အကွာရှိ နမ်ဂေါင်ကျေးရွာအနီး အစိုးရ၏ စစ်တပ် အင်အား ၂၀၀ ကျော်က လှုပ်ရှားလာသဖြင့် နိုဝင်ဘာလ ၈ရက် နံနက်ပိုင်း တကြိမ်၊ မွန်းလွဲပိုင်း ၃ နာရီတွင် တစ်ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီအထိ တိုက်ပွဲ ပြင်းဆန်နေဆဲဖြစ်သည်ဟု တပ်ရင်းမှူး ဂျွန်းအောင်က ပြောသည်။

“ဒီနေ့ မနက် ၁၀နာရီလောက်မှာ အစိုးရစစ်တပ် ကျွန်တော်တို့ဆီ တက်လာလို့ ကျွန်တော်တို့ လိုက်တိုက်တာ။ ညနေ ၃နာရီမှာ အစိုးရစစ်တပ်က လက်နက်ကြီးနဲ့ သုံးနာရီခွဲလောက်မှာ အစိုးရဘက်ကနေ လက်နက်ကြီး တွေနဲ့ အရမ်းပစ်လာလို့ ကျွန်တော်တို့ နမ်ဂေါင်ကနေ ဖယ်ပေးလိုက်တယ်။ နမ်ဂေါင်ကို သူတို့ နေရာယူလိုက်တယ်။ ကျွန်တော်တို့က ရွာအနီးအနားမှာ ရှိနေပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နည်းပညာအဖွဲ့ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

အစိုးရ၏ စစ်တပ်ဘက်မှ လက်နက်ကြီး ၈၀ မမ၊ ၆၀ မမတို့ဖြင့် ပစ်ခတ်လာသဖြင့် KIA  တပ်ရင်း ၁၂ တပ်ဖွဲ့များ အခြေချရာ နမ်ဂေါင်ကျေးရွာမှ ရှောင်တိမ်းလိုက်ရပြီး နှစ်ဖက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု ဆိုသည်။

၄င်းနမ်ဂေါင်ကျေးရွာတွင် အိမ်ထောင်စု ၁၀ ခုကျော်ရှိပြီး ထိုရွာသားများ မည်သည့်နေရာတွင် ထွက်ပြေး တိမ်းရှောင်သွားသည်ကို မသိရသေးကြောင်း ၄င်းက ဆက်ပြောသည်။

နိုဝင်ဘာလ ရရက်ကလည်း ကောင်ရွန်းကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် လကုန်ပိုင်းမှစတင်၍ KIA နှင့် အစိုးရ စစ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မုန်းဒိန်ပါ၊ ကောင်ဂျာ၊ ကောင်ရွန်၊ နမ်ခန် စသည့် ကျေးရွာများမှ ရွာသားများသည် ထိုရွာအနီးရှိ နမ်လင်းပါကျေးရွာရှိ စစ်ပြေးဒုက္ခသည်စခန်းသို့ ထွက်ပြေးခိုလှုံနေသည်။

ထိုစခန်းတွင် ယခင်က စစ်ပြေးဒုက္ခသည် လူဦးရေပေါင်း ၁၀၀၀ ကျော်ရှိရာမှ ယခုတွင်မူ ၂၄၀၀ ကျော်ထိ ရှိလာပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ စစ်ပြေးဒုက္ခသည်များကူညီရေးကော်မတီမှ သိရသည်။