အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက် ယနေ့ဆုံးဖြတ်ချက်ချမည်

အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက် ယနေ့ဆုံးဖြတ်ချက်ချမည်
by -
မဇ္ဈိမ

ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင်ကျင်းပပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေး ပွဲမှတစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက်ကို နိုဝင်ဘာ ၁ ရက် (ယနေ့) တွင်ထုတ်ပြန်မည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ အတိုင်ပင်ခံ ဦးခွန်ဆိုင်း က အောက်တိုဘာ ၃၁ ရက် အစည်းအဝေးပြီးနောက် သတင်းမီဒီယာများကို ပြောသည်။

အစည်းအဝေး ဒုတိယနေ့ဖြစ်သော အောက်တိုဘာ ၃၁ ရက်တွင် အစိုးရ၏အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အခြေခံသဘောတူညီချက်မူကြမ်းနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ မူကြမ်းနှစ်ခုကို ဆွေးနွေးခဲ့ကြပြီး နိုဝင်ဘာတွင် ဘုံသဘောတူညီချက်တစ်ခု ထုတ်ပြန်မည်ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး (CNF) မှ အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မုန်းဦးဆောင်၍ အစိုးရ၊  UNFCမူ ကြမ်းများနှင့် တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ (WGEC) တို့၏ မူကြမ်းများ ပေါင်း၍ ဘုံသဘောတူညီချက်တစ်ခုကို ချမှတ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဦးခွန်ဆိုင်းက “အဲဒီမူ သုံးခုပေါင်းပြီးတော့မှ ဒေါက်တာဆလိုင်းလျန်မုန်း ဦးဆောင်ပြီးတော့ သူတို့ဘုံ သဘောထားတစ်ရပ်ကို ရေးဆွဲမယ်။ ကော်မတီဖွဲ့ဖို့တော့ နောက်တစ်ကြောင်း၊ အဲဒါက မနက်ဖြန်မှ ဆွေးနွေးမယ်”ဟု မီဒီ ယာများကို ပြောသည်။

ညီလာခံကိုလည်း လာမည့် နို၀င်ဘာလ ၂ ရက်ထိ ကျင်းပနိုင်မည်ဖြစ်ပြီး အဓိကအားဖြင့် တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာများ ဆွေးနွေးခဲ့သည်ဟု ပလောင်ပြည်နယ် လွတ်လပ်ရေးတပ်ဦး (PSLF) မှ အထွေထွေအတွင်းရေးမှူး မိုင်ဘုန်းကျော်က ပြောသည်။

“တစ်ရက်တိုးဖို့တော့ ပြောတယ်။ မနက်ဖြန် အခြေအနေပေါ်မူတည်ပါတယ်။ ဒီနေ့က တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်ဆိုင်းရေးနဲ့ ပတ်သက်ပြီး သဘောထားတွေ ဆွေးနွေးနေတာပါ။ အပစ် အခတ်ရပ်စဲရေးကိစ္စ၊ တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ဆွေးနွေးနိုင်တာ ကောင်းပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်နေ့ကမူ နိုင်ငံရေးဆွေးနွေးရေးမူဘောင်ကိစ္စ KNU နှင့် RCSS  ကိုယ်စားလှယ်များ အစိုးရ ကိုယ်စားလှယ်နှင့် ဆွေးနွေးထားသည့်အပေါ် ရှင်းလင်းတင်ပြခြင်းနှင့် နိုင်ငံရေးဆွေးနွေးရေးကိစ္စ အခြေခံ သဘောထားများ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ညီလာခံတွင် UNFC အဖွဲ့ဝင်များဖြစ်သော KIO, KNU, PSLF, SSPP, CNF, MNSP, PNLO, WNO, ALP, KNPP စသည့် အဖွဲ့အစည်းများမှ တိုင်းရင်းသားခေါင်းဆောင်များတက်ရောက်နေပြီးအခြား  UNFC အဖွဲ့ဝင် RCSS/SSA မဟုတ်သော  ကရင်အမျိုးသားတပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KPC မှ အပါအဝင် အဖွဲ့ ၁၇ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်နေခြင်းဖြစ်သည်။

“၀” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်UWSA နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်NDAA  တို့မှာခေါင်းဆောင်ပိုင်း ကျန်းမာရေးမကောင်းခြင်းဟူ၍ အကြောင်းပြကာ ညီလာခံတက်ရောက် ခြင်း မရှိခဲ့ပေ။

Most read this week