သူရိယအလင်းဂျာနယ်တွင် ရေးသားဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်နှင့်မညီညွတ်ဟု MJN ပြော

သူရိယအလင်းဂျာနယ်တွင် ရေးသားဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်နှင့်မညီညွတ်ဟု MJN ပြော
by -
မဇ္ဈိမ

သူရိယအလင်းအပတ်စဉ်ထုတ်ဂျာနယ် နောက်ဆုံးထုတ်ဝေသည့်အပတ်စဉ်က ရေးသားဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီညွတ်သည့်အပြင် မြန်မာစာနယ်ဇင်းလောက၏ ဂုဏ်သိက္ခာကို ထိခိုက်စေ သည်ဟု မြန်မာဂျာနယ်လစ်ကွန်ယက်(MJN) က အောက်တိုဘာလ ၃၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

"ထိုသို့သော ရေးသားမှုများကြောင့် သတင်းမီဒီယာ လောကအပေါ် လူအများ၏ ယုံကြည်ကိုးစားမှုလည်း လျော့နည်းကျဆင်းလာစေနိုင်ပါသည်။ သတင်းမီဒီယာ နယ်ပယ်ကို တလွဲအသုံးပြုပြီး ပုဂ္ဂိုလ်ရေး ထင်ပေါ်လိုမှု၊ နိုင်ငံရေးအကျိုးအမြတ် ရရှိအောင်လုပ်ဆောင်ခြင်းများကို မြန်မာဂျာနယ်လစ်ကွန်ရက် အနေဖြင့် ဆန့်ကျင်ရှုတ်ချပါသည်"ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အောက်တိုဘာလ ၁၈ရက်ထုတ် သူရိယအလင်းဂျာနယ် အတွဲ(၁) အမှတ်(၁၂)မျက်နှာဖုံးတွင် ပြင်ပဆောင်းပါးရှင် စစ်သူရဲ ဗလမင်းထင်ဆိုသူ၏ “မော်စကိုမှာသာမယ့်လ”၊“ရုရှမယ်စကြဝဠာပြိုင်ပွဲသို့ စေလွှတ်ရန် မြန်မာမယ်ရွေးချယ်မှု နောက်ကွယ်က ခရိုနီကြီးများ၏ အရှုပ်တော်ပုံ” နှင့် “န.၀.တ အကျဉ်းသား”၊ ထောင်သူရဲဘအုပ် ရေးသားသော “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရ မယ်” (သို့မဟုတ်) “ရွှေပေါ်မြတင် ညီလေးများထံသို့ပေးစာ” စသော ဆောင်းပါးများကိုရေးသားဖော် ပြခဲ့သည်။

ထိုအရေးအသားများသည် ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်မှုများ၊ အလွန်အကျွံရေးသားပြောဆိုမှုများဖြစ်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ သတင်းမီဒီယာသမားများ လိုက်နာရန် ထုတ်ပြန်ထားသော စာနယ်ဇင်းကျင့်ဝတ်များနှင့် ကိုက်ညီခြင်းမရှိဟု ဆိုထားသည်။

ယင်းဆောင်ပါးများအား ထည့်သွင်းဖော်ပြခြင်းကို အယ်ဒီတာအဖွဲ့ဘက်မှ ကန့်ကွက်ခဲ့သော်လည်း အမှုဆောင် အရာရှိချုပ်၏ လုပ်ပိုင်ခွင့်ကို အကြောင်းပြကာ ဦးမိုးဟိန်း၏ ဆန္ဒအလျောက် အယ်ဒီတာအဖွဲ့၏ လုပ်ပိုင်ခွင့် အား ကျော်လွန်ကာ ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု သူရိယအလင်းဂျာနယ် အယ်ဒီတာများ၏ အောက်တိုဘာလ ၂၀ ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။

“အဲ့သဘောထားကြေညာချက်ကို ကျွန်တော်လည်း ခုမှသိရတာပါ။ အဲဒီ့မှာ ရေးသားဖော်ပြခဲ့တာတွေက သူရိယအလင်း CEOဦးမိုးပာိန်းက အပြင်မှာ အဲ့ဒီဆောင်းပါးတွေကို သူ့ဘာသာ ရိုက်ပြီးထည့်တာပါ။ အယ်ဒီတာအဖွဲ့ရဲ့လုပ်ပိုင်ခွင့် အယ်ဒီတာချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးလုပ်ခဲ့တာပါ။ ”ဟု သူရိယအလင်းဂျာနယ်၏ အယ်ဒီတာ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ယခင်သူရိယအလင်းဂျာနယ်၏ CEO ဦးမိုးဟိန်းက " မြန်မာစာနယ်ဇင်းကွန်ယက်ပဲ ဖြစ်ဖြစ်ကွန်ဂရက် ပဲဖြစ်ဖြစ် ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်သွားကြတာပါ။ ကျွန်တော်တို့နိုင်ငံမှာ စာနယ်ဇင်းလောကကို ကြီးစိုးခွင့် ပေးထားတဲ့ တရားဝင် အဖွဲ့အစည်း တစ်ခုမှမရှိသေးပါဘူး။ ကျွန်တော်တို့က ဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်နေတာပါ" ဟု မဇ္ဈိမကို ပြောသည်။

ထို့အပြင် ဦးမိုးဟိန်းက မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အပြင်၊ စာနယ်ဇင်းသမဂ္ဂများသည် တစ်နိုင်ငံလုံးအတိုင်းအတာ ကိုယ်စားပြုသော အဖွဲ့ဖြစ်၊မဖြစ် ပြန်လည် မေးခွန်းထုတ်ထားသေးသည်။

နောက်ဆုံးထွက်ရှိခဲ့သည့် သူရိယအလင်းဂျာနယ်တွင် ရေးသားခဲ့သော ဆောင်းပါးများတွင် ပုဂ္ဂိုလ်ရေးထိခိုက် မှုများ ပါဝင်နေသည်ဟုဆိုကာ ထိုဂျာနယ်၏ ထုတ်ဝေသူ ဦးယုနိုင် ကိုယ်တိုင်က အောက်တိုဘာလ ၁၈ ရက် ညသန်းခေါင်ယံအချိန်က ဂျာနယ်တိုက်အတွင်း ကွန်ပျူတာနှင့် ဂျာနယ်များကို သိမ်းယူခဲ့ပြီး ဂျာနယ်ကိုပါ ရပ်ဆိုင်းလိုက်ကြောင်း ဦးယုနိုင်က အောက်တိုဘာလ ၂၀ရက်က မဇ္ဈိမကို ပြောခဲ့ဖူးသည်။

ထိုသို့ ကွန်ပျူတာနှင့် ဂျာနယ်များ သိမ်းဆည်းမှုကို စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ဦးသူရိန်နှင့်အတူ လူတစ်စုက ၀င်ရောက် သိမ်းဆည်းသွားကြောင်း၊ ဂျာနယ်တိုက်အပြင်တွင် ဖိုးလပြည့်လည်း ရှိနေကြောင်း ထိုဂျာနယ်၏ CEO ဦးမိုးဟိန်းက အောက်တိုဘာ ၁၉ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ စွပ်စွဲပြောဆိုခဲ့သည်။
 
သူရိယအလင်းဂျာနယ်တိုက်အား အောက်တိုဘာလ ၁၈ရက်တွင် နောက်ဆုံးထွက်ရှိပြီးနောက် ထုတ်ဝေသူဦး ယုနိုင်က ပိတ်သိမ်းခဲ့ပြီး လက်ရှိတွင် 'သူရိယနေဝန်း'အမည်ဖြင့် အပတ်စဉ်ဂျာနယ်ကို ဦးခင်အေးက ထုတ်ဝေ နေပြီး ဦးမိုးဟိန်းက CEO အဖြစ်လုပ်ဆောင်နေသည်။

Most read this week