ဗဟိုအစိုးရနှင့် တိုင်းရင်းသား ဒေသခံများအကြား အကျိုးအမြတ်ခွဲဝေမှုဆိုင်ရာအငြင်းပွားဖွယ်ရှိသည့် စီးပွားရေးစီမံကိန်းများအား ပြည်တွင်းငြိမ်းချမ်းရေး ပြည့်ဝစွာမရရှိသေးသည့် ကာလများအတွင်း အတတ် နိုင်ဆုံးရပ်ဆိုင်းထားသင့်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာသူများက ထောက်ပြပြောဆိုသည်။
မြန်မာနိုင်ငံရှိ စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းကြီးများသည် တိုင်းရင်းသားဒေသခံများ၏ဖွံ့ဖြိုးတိုးတက်မှု နည်းပါးခြင်းနှင့် အကျိုးခံစားခွင့်ရရှိမှုနည်းပါးခြင်းများကြောင့်ပဋိပက္ခပြဿနာများဖြစ်ပွားနေစေကြောင်း တွေ့ရှိ လျက်ရှိရာ ယင်းအခြေအနေများအား စုစည်းထားသည့် ငြိမ်းချမ်းရေး နှင့်ပဋိပက္ခစစ်ပွဲများ ဆိုင်ရာ မြန်မာ့ စီးပွားရေးအခြေအနေ အစီရင်ခံစာအား မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာသူများက အောက်တိုဘာ (၂၈) ရက်က ထုတ်ဝေကာ မီဒီယာများအား ပြောခြင်းဖြစ်သည်။
အကယ်၍ နိုင်ငံစီးပွားရေးတိုးတက်မှုအတွက် မဖြစ်မနေ လုပ်ကိုင်ရမည်ဆိုပါကလည်း ဒေသခံများ၏ အကျိုးခံစားခွင့် ဒေသဖွံ့ဖြိုးရေး စီမံချက်များကို ဦးစားပေးထည့်သွင်း စဉ်းစားဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောသည်။
ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့ ဒါရိုက်တာ ဦးဝင်းအောင်က“မြန်မာ့စီးပွားရေး စီမံကိန်းကြီးတွေဟာ ဒေသခံတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုရရှိတာ နည်းတယ်။ လယ်ယာမြေသိမ်းဆည်းတဲ့ ဖြစ်ရပ်လို ကိစ္စတွေကလည်း ဒေသခံတွေအကြား ပဋိပက္ခပြဿနာတွေကို ဖြစ်လာစေလို့ အဲဒီလိုဖြစ်မယ့် စီးပွားရေးစီမံ ကိန်းတွေကို ရပ်ထားသင့်ပါတယ်”ဟုပြောသည်။
အဆိုပါ အစီအရင်ခံစာကို မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်ရေးအဖွဲ့များနှင့် နိုင်ငံတကာမြန်မာ့သတင်း (Burma News International) တို့ ပူးပေါင်းပါ၀င်မှုဖြင့် မြန်မာနိုင်ငံ၏ အပြောင်းအလဲကာလအတွင်း လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှု အခြေအနေများ၏ ဆက်စပ်ဖြစ်ပေါ်နေ မှုများကို အချက်အလက်စုံအောင် စုစည်းတင်ပြကာ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန် ရည်ရွယ်ကြောင်း ယင်းတို့ကအစီရင်ခံစာ ထုတ်ဝေ ခြင်းဆိုင်ရာ မီဒီယာတွေ့ဆုံပွဲတွင်ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးများတွင်လည်း အစိုးရမဟုတ်သည့် လက်နက်ကိုင်အင်အားစုများ (NSAGs)နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း (NGO) များက ပဋိပက္ခများရှိသည့် နေရာများတွင် အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းများအား ရပ်ဆိုင်းထားရန်တောင်းဆိုမှုရှိနေခြင်းဖြစ်သည်။
သို့ရာတွင် အစိုးရနှင့် ဒေသခံများအကြား၊ လက်နက်ကိုင်တပ်ဖွဲ့များအကြား နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် အခြေအနေဖြစ်ရန် စီးပွားရေးလုပ်ငန်းများအား မည်သို့ဆောင်ရွက်မည်ဆိုသည့်အချက်အား ထည့်သွင်း ဆွေးနွေးမှုများလုပ်ရန် ကျန်ရှိနေခြင်းဖြစ်ကြောင်း ယင်းအစီအရင်ခံစာတွင် ဖော်ပြထားသည်။
နိုင်ငံတကာမြန်မာ့သတင်း ဖွံ့ဖြိုးရေးအရာရှိ နန်းဖော့ဂေက“စီးပွားရေးတစ်ခုကို လုပ်မယ်ဆိုရင် အစိုးရအဖွဲ့ရော၊လက်နက်ကိုင်တပ်ဖွဲ့တွေကရော၊ စီးပွားရေးလုပ်ငန်းရှင်တွေကရော၊ NGO တွေကရော ဒေသခံတွေရဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ အကျိုးခံစားခွင့်ရရှိမှုတွေကို ဘယ်လိုလုပ်ပေးမလဲဆိုတဲ့ အချက်တွေကို စဉ်းစားထားတဲ့ လုပ်ငန်းတွေကိုပဲဖြစ်စေချင်တယ်”ဟုပြောသည်။
စီးပွားရေးလုပ်ကိုင်ရာတွင်မှု အစိုးရအဖွဲ့များအနေဖြင့် ပွင့်လင်းမြင်သာသည့် သယံဇာတတူးဖော်ရေးဆိုင် ရာ (EITI) ဖော်ဆောင်မှုမြန်ဆန်စေရန်အချက်များနှင့် တပ်မတော်အနေဖြင့် မြန်မာ့စီးပွားရေးလုပ်ငန်း အများစုတွင် စီးပွားရေးဦးပိုင်လီမိတက် (UMEHL) မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့၏ စစ် တပ်လွှမ်းမိုးနေမှုများကို လျှော့ချရန်လိုအပ်ကြောင်းအချက်များ အစီရင်ခံစာတွင်အချက်များ ပါ၀င်သည်။
အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့်လည်း၊ ဆင်းရဲနွမ်းပါးသူများအပေါ် အကျိုးပြုသည့် ဖွံ့ဖြိုးရေး ဆောင်ရွက်ရန်၊ ဒေသခံများကိုပါ အကျိုးဖြစ်စေသည့် ညှိနှိုင်းမှုများ အစိုးရနှင့်ဖော် ဆောင်ရန်နှင့် ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာသည့် စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရန်တာဝန်ရှိ ကြောင်း ပါ၀င်သည်။
စီးပွာရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဆိုပါက ဒေသခံပြည်သူများ၊ လူထုအခြေပြုအဖွဲ့များနှင့် တိုင်ပင်ဆွေးနွေးရန်၊ ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် လုံခြံုရေးထိခိုက်မှု မရှိစေရန်၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါက လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများ ကို ဒေသခံများအားချပြရန်အချက်များ ပါ၀င်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ စီမံကိန်းများတွင် ပါ၀င်သော ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်း၊ လောပိတ ရေအားလျှပ်စစ်စီမံကိန်း၊ ရတနာရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း၊ ရဲတံခွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများရှိရာ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသတို့သည် အဆိုပါစီမံကိန်း များမှ အကျိုးခံစားခွင့်များအား မရရှိသည့် အချက်ကိုလည်း မီဒီယာတွေ့ဆုံပွဲတွင် ထည့်သွင်းပြောဆို သည်။
လွတ်လပ်သော မွန်သတင်းအေဂျင်စီ အယ်ဒီတာချုပ် နိုင်ကဆုမွန်က“ သဘာဝဓာတ်ငွေ့နဲ့ ရေနံတူးဖော်ရေးစီမံကိန်းတွေရှိတဲ့ ဒေသတွေမှာ လျှပ်စစ်မီးမရရှိဘဲ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ယှဉ် လိုက်ရင် ဖွံ့ဖြိုးမှုတွေမှာလည်း နောက်ကျကျန်နေခဲ့တာကိုတွေ့ရမှာပါ”ဟုပြောသည်။
တိုင်းရင်းသားဒေသများနှင့် ဗဟိုအစိုးရအဖွဲ့အစည်းအကြား စီးပွားရေးလုပ်ငန်းများ၏အကျိုးရပိုင်ခွင့် ခွဲဝေ ရမည်ဆိုသည့် အချက်မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါ၀င်သော်လည်း မည်သည့်အချိုးဖြင့် ခွဲဝေရမည်ဆိုခြင်းမှာ တိကျစွာဖော်ပြထားခြင်း မရှိခြင်းကလည်း ပဋိပက္ခပြဿနာများကို ဖြစ်ပွားနေစေ သည့် အချက်ဖြစ်ကြောင်း ထောက်ပြပြောသည်။
သို့ဖြစ်ရာ ငြိမ်းချမ်းရေးနှင့် စစ်ရေးပဋိပက္ခအခြေအနေကြားမှ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ထိရောက်စွာ အသုံးချသွားနိုင်ရန် ၎င်းဖြစ်စဉ်၌အရေးပါသော အင်အားစုများဖြစ်သည့် အစိုးရ၊ စစ်တပ်၊ အစိုးရမဟုတ်သော လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြားအစိုးရများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများကို နှစ်ဖက်စလုံး အနိုင်ရရှိသော (Win-Win Situation) အခြေအနေ အဖြစ် ဖြေရှင်းနိုင်ကြောင်းကို အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အစီအရင်ခံစာသည် မြန်မာ့အရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်နေကြသည့် လူမှုအဖွဲ့အစည်း များက လက်ရှိမြန်မာနိုင်ငံအသွင်ကူးပြောင်းရေးတွင် တရားမျှတရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး တို့အတွက် ဖြစ်ပေါ်နေသည့် စီးပွားရေးနစ်နာချက်များကို အဖွဲ့အစည်းပေါင်းစုံ၏ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
စီးပွားရေးပညာရှင်ဦးလှမောင်က“ လည်ပတ်နေတဲ့ လုပ်ငန်းတွေကို ရပ်နားဖို့တောင်းဆိုတာကတော့ နှစ်ဦးနှစ်ဖက် ဘယ်သူမှ အကျိုးရှိတဲ့ ကိစ္စမဟုတ်ဘူး။ရပ်ထားဖို့လည်းမလိုဘူး။ တကယ်တမ်းဖြစ်သင့် တာက နယ်မြေအသီးသီးက စီမံကိန်းတွေအားလုံးကို ဗဟိုအစိုးရက ထိုက်သင့်တဲ့ အကျိုးအမြတ်သာယူ ပြီး တိုင်းရင်းသားတွေကပဲ စီမံပိုင်ခွင့်ရဖို့ လွှဲပြောင်းရမယ်ဆိုတဲ့အချက်ကို ဖြစ်လာအောင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ထည့်သွင်းနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ဒါကိုလည်း အချိန်ကာလတစ်ခုတိတိ ကျကျသတ်မှတ်ပြီး တကယ်ဖြစ်လာမယ့် ဆွေးနွေးမှုမျိုးဖြစ်အောင်လုပ်ရင် နောင်ရေးကောင်းသွားမှာ ပါ”ဟု ပြောသည်။