ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် တောင်ငူတို့တွင် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများ တွင် မသင်္ကာသူ ခြောက်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သက်ဆိုင်ရာ ရဲတပ်မှူးရုံးများက စုံစမ်းသိရှိရ သည်။
ရန်ကုန်မြို့တွင် အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်များက စော်ဘွားကြီးကုန်း၊ သာကေတ အလုံမြို့နယ် ရှိ Western Park 2 နှင့် ကုန်သည်ကြီးများဟိုတယ်တို့တွင် ပေါက်ကွဲမှုများနှင့်စပ်လျဉ်း၍ သံသယရှိ သူတစ်ဦးအား မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်တလင်း ကားလမ်းပေါ်တွင် အောက်တိုဘာ လ ၁၅ ရက် နံနက် ၆ နာရီက ဖမ်းဆီးခဲ့သည်။
“ကျွန်တော်တို့လည်း ဘီလင်းမြို့ရဲ့အပြင်ဘက် နတ်ကြီးသွားတဲ့လမ်းမှာ ကျွန်တော်တို့ ထွက်စောင့်တာပေါ့။ စောင့်နေတုန်း သူက ဆိုင်ကယ်နဲ့လာတာကို တွေ့လိုက်ပါတယ်။ အဲ့မှာ သူကကျော်သွားတော့ ကျွန်တော်တို့ က လိုက်တာပေါ့။ လိုက်တော့ သိပ်မကြာလိုက်ပါဘူး။ ဓာတ်တိုင်တစ်တိုင်လောက်မှာပဲ မိတာပေါ့”ဟု ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲအုပ်ပန်းဦးက မဇ္ဈိမကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ဦးစီး (၂) ဌာနခွဲမှူး ရဲမှူးမြင့်ထွေးက “အခုလောလောဆယ်တော့ ဒီပေါက်ကွဲမှုတွေမှာ မင်္သကာစရာဆိုပြီး ဖမ်းထားတာ သုံးယောက်ရှိတယ်။ သူတို့ကို စစ်ဆေးနေတယ်။ တရားခံလို့ ယူဆရသူ တစ်ယောက်ကို ဖမ်းထားတယ်၊ သူတို့နဲ့ပတ်သတ်တဲ့အချက်တွေ နာမည်တွေကိုတော့ မပြောပြနိုင်သေးဘူး။ ကွင်းဆက် ပျောက်သွားမှာစိုးလို့ပါ။ ထပ်ပြီးလည်း ဆောင်ရွက်နေတယ်။ အဆင့်ဆင့် အဆက်မပြတ်သွားအောင်လည်း လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။
ထို့အပြင် မန္တလေးမြို့၌လည်း အောက်တိုဘာလ ၁၄ ရက်က ရွှေဘဲစားသောက်ဆိုင်တွင် အမေရိကန်လုပ် လက်ပစ်ဗုံးတစ်လုံးကို တွေ့ရှိခဲ့ပြီး ဆိုင်သို့ လာရောက်စားသောက်ခဲ့သော မသင်္ကာသူနှစ်ဦးအား CCTV မှတ်တမ်းပုံရိပ်မှ ရယူခဲ့သည်။
ထိုမသင်္ကာသူနှစ်ဦးအား မန္တလေးမြို့ အထွက်ပေါက်များတွင် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ထိုနေ့ ညနေ ၆ နာရီတွင် အမရပူရမြို့နယ် ဦးပိန်တံတားအနီးတွင် ဆလွန်းအနက်ရောင် တက္ကဆီနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ထိုနှစ်ဦးသည် မလေးရှားနိုင်ငံရှိ CHL Foam ဖော့စက်ရုံတွင် လုပ်ကိုင်ခဲ့သူ အောင်အောင်(ခေါ်) မိုအာ မက်ဆာလေးနှင့် မလေးရှားနိုင်ငံသူ Mrs.Nikol (ခေါ်) Chin Suet Yin တို့ကို အောင်မြေသာစံမြို့နယ် မြို့မရဲစခန်းတွင် ဒု-ရဲမှူးအောင်မြင့်က တရားလိုအဖြစ်လုပ်ကာ (ပ)၅၅၉/၂၀၁၃ ပေါက်ကွဲ ၃ အရ အမှု ဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကိုင်းတိုင်း မင်းလမ်းရပ်ကွက်ရှိ “ရွှေပြည့်စုံ”ဟိုတယ် စားသောက်ခန်းတွင် အောက်တိုဘာ လ ၁၅ ရက် နံနက် အစောပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် ဟိုတယ်တွင် တည်းခိုနေသော အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးကို စစ်ဆေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူး သိန်းဆွေက မဇ္ဈိမကို ပြောသည်။
ညစာစားပြီးအချိန်၌ ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းက စားသောက်ခန်းသို့ သန့်ရှင်းရေးလုပ်နေစဉ်တွင် ထိုသံသယရှိသူ သုံးဦးသည် စားသောက်ခန်းထဲတွင် နောက်ဆုံး ကျန်ရှိနေသောကြောင့် သံသယရှိခြင်းဖြစ် ကြောင်း ဒု-ရဲမှူးကပြောသည်။
လက်ရှိတွင် ဟိုတယ်တွင် တည်းခိုနေသော သံသယရှိသူ သုံးဦး အပါအဝင် အမျိုးသား၂၄ ဦး၊ အမျိုးသမီး ၁၇ ဦးနှင့် ကလေးသုံးဦး၊ စုစုပေါင်း ၄၄ ဦးကို ဟိုတယ်မှ ထွက်ခွင့်မပြုဘဲ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ဟိုတယ်မန်နေဂျာကိုလည်း ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့ပြီး လိုအပ်ပါက ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း ရွှေပြည့်စုံဟိုတယ်မန်နေဂျာ ကိုစိုးထက်အောင်က မဇ္ဈိမကို ပြောသည်။
အောက်တိုဘာလ ၁၅ ရက် နံနက် ၃ နာရီ ၄၅ မိနစ်က စစ်ကိုင်းမြို့ “ရွှေပြည့်စုံ” ဟိုတယ်၊ အပေါ်ဆုံးထပ်ရှိ စားသောက်ခန်းတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဟိုတယ်မန်နေဂျာ ကိုစိုးထက်အောင်က “မနက် ၃ နာရီ ၄၅ မှာ ၀ုန်းဆိုပြီး အသံကြားလို့ မိန်းတွေ ချပစ်လိုက်တယ်။ လျှပ်စစ်ရှော့ဖြစ်ပြီး ပေါက်ကွဲတယ်ထင်လို့ပါ။ တံခါးဖွင့်လိုက်တော့ မီးခိုးလုံးတွေ ထွက်လာတယ်။ ကျွန်တော်လည်း လန့်သွားတယ်။ ချက်ချင်းပဲ ရဲစခန်းကို အကြောင်းကြားခဲ့ပါ တယ်။ ကျွန်တော်တို့လည်း ဘာမှ မပြောပြတတ်တော့ဘူး”ဟု ဖြစ်စဉ်ကို ရှင်းပြသည်။
ပေါက်ကွဲခဲ့သော ဗုံးအမျိုးအစားနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူးသိန်းဆွေက “ဒေသန္တရ လက်လုပ်ဗုံးပါ။ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ စစ်ဆေးမှုတွေ လုပ်နေတယ်။ သံသယနဲ့တော့ အဖြေ မပြောချင်သေးဘူး”ဟု မဇ္ဈိမကို ပြောကြားသည်။
ထိုနေ့တွင်ပင် နံနက် ၅ နာရီအချိန်က စစ်ကိုင်းတိုင်း ဆွမ်းဦးပုညရှင် ဘုရားရင်ပြင်တော် မြောက်ဘက်ရှိ ကားပါကင်နေရာတွင်လည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ရဲအုပ်မင်းလွင် ထွန်းက ပြောသည်။
စစ်ကိုင်းတိုင်းတွင် လုံခြံုရေးအတွက် မြို့ပေါ်နှင့် မြို့အဝင်အထွက်နေရာများတွင် လုံခြံုရေး တင်းကျပ်စွာ တိုးမြှင့်ချ ထားကြောင်း သိရသည်။
ပဲခူးတိုင်း တောင်ငူမြို့တွင်လည်း အောက်တိုဘာလ ၈ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသူ၏ အမည်ကို ဖော်ထုတ်ခဲ့ပြီး ဖမ်းဆီးစစ်ဆေး နိုင်ရန် ဆက်လက် ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဒု-၀န်ကြီး ဦးရဲထွဋ်က ပြောသည်။
ဗုံးပေါက်ကွဲမှုများသည် အောက်တိုဘာလထဲ၌ပင် ၁၃ ရက်က ရန်ကုန်မြို့ စော်ဘွားကြီးကုန်း ကားမှတ်တိုင်အ နီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုနေ့ညနေပိုင်းတွင်ပင် သာကေတမြို့နယ်တွင် မာန်ပြေမှတ်တိုင်အနီးတွင် ထပ်မံပေါက်ကွဲခဲ့ကာ ၁၄ နှစ်အရွယ် ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် အောက်တိုဘာလ ၁၄ရက်ကလည်း ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Western Park 2 နှင့် မန္တလေးတွင် မပေါက်ကွဲသေးသော ဗုံးတွေ့ခြင်း၊ ဗုံးလန့်ခြင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ ၁၄ ရက် ညပိုင်းက ထရိတ်ဒါးဟိုတယ်တွင် လူနေခန်းထဲ၌ ဗုံးပေါက်ကွဲခဲ့ပြီး အမေရိကန်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းကဲ့သို့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ပြည်သူများအနေဖြင့်လည်း ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာနေရာများနှင့် လမ်းကြိုလမ်းကြားများတွင် မသင်္ကာစရာ အထုပ်များတွေ့ရှိပါက ဖွင့်ဖောက်ခြင်း မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံနှင့် မြို့နယ်ရဲစခန်းများသို့ ချက်ချင်း သတင်းပေးပို့ကြရန်လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။