ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်ခြောက်မြို့နယ်မှ လူငယ်နှင့် အမျိုးသမီးအသင်းအဖွဲ့များ ပူးပေါင်းကာ ပထမအကြိမ် ငြိမ်းချမ်းရေးနေ့ အခမ်းအနားများကို လားရှိုးမြို့၌ စက်တင်ဘာလ ၂၁ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့တွင် ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံ တအောင်း လူငယ်များအသင်းမှ ကိုမိုင်းနိုင်နိုင်ဦးက မဇ္ဈိမကို ပြောသည်။
ကိုမိုင်းနိုင်နိုင်ဦးက “မနက်ပိုင်းမှာ ကျွန်တော်တို့ ခြောက်မြို့နယ်က ငြိမ်းချမ်းရေးအင်္ကျီတွေ ၀တ်ထားတဲ့ လူငယ်တွေ ပေါင်းပြီး ဘောလုံးကန်ဖို့ ရှိတယ်။ ပြီးရင် အင်္ကျီတွေနဲ့ပဲ သရုပ်ဖော်မယ်။ မနက်ပိုင်းကို ဒီရှမ်းပြည်ထဲက အဖွဲ့အစည်း တွေက လူကြီးတွေကိုလည်းဖိတ်ထားတယ်။ ဘယ်သူတွေဆိုတာတော့ သေချာ မသတ်မှတ်ရသေးဘူး”ဟု ပြောသည်။
ငြိမ်းချမ်းရေးအသွင်ဆောင်သည့်အနေဖြင့် "Peace For All" ဟူသည့် စာတန်းများပါရှိသည့် မိုးပြာရောင် အင်္ကျီများအား ဆင်တူဝတ်ဆင်ကာ ငြိမ်းချမ်းရေးချိုးရုပ်ကိုကိုင်ဆောင်ပြီး တိုင်းရင်းသားဘာသာဖြင့် ငြိမ်း ချမ်းရေးသီချင်းများ သီဆို သွားမည်ဟု ၎င်းက ရှင်းပြသည်။
အခမ်းအနားဖြစ်မြောက်ရေးတွင် တာဝန်ယူထားသည့် တအောင်းအမျိုးသမီးများအသင်းမှ မမုမ့်ကျိမ်းကီး က “ကျွန်မတို့ လူငယ်အားလုံးပေါင်း ၂၀၀ကျော် ၃၀၀ လောက်ရှိမယ်။ ငြိမ်းချမ်းရေးအသွင်ဆောင်တဲ့ တံဆိပ်တွေ လူငယ်တိုင်း ကိုင်ဆောင်ကြမယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျွန်မတို့ တိုင်းရင်းသားလူငယ်တွေ အသွင်ဖော်နိုင်တယ်။ တစ်စိတ် တစ်ဒေသ ပါတယ်ဆိုတာကိုပဲ ဖော်ညွှန်းချင်တာပါ”ဟု ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များဖြစ်သည့် လားရှိုး၊ ကျောက်မဲ၊ ကွတ်ခိုင်၊ မန်တုံ၊ နန့်ခမ်း၊ နန့်ဆန် နှင့် မန်တုံမြို့ တို့မှ လူငယ်များက ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး အစိုးရဌာနဆိုင်ရာများနှင့် နိုင်ငံရေးပါတီများ ကိုလည်း ဖိတ်ကြား သွားမည်ဖြစ်သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို လားရှိုးမြို့မှ ဌာနဆိုင်ရာများကို ဖိတ်ကြားရန် ပြင်ဆင်ထားသော် လည်း ထိုအခမ်းအနား လုပ်ရန် ခွင့်ပြုချက်တောင်းခံခြင်း ပြုလုပ်ထားခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ နံနက် ရ နာရီတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တိုင်းရင်းသား လူကြီးများ၏ ဟောပြော ပွဲ များနှင့် အခမ်းအနားကို စတင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးအသွင် ပုံဖော်မှုများကိုတော့ ညနေ ၄ နာရီမှ ည ၉ နာရီအထိ ပြုလုပ်သွားမည် ဖြစ်သည်။ ရန်ကုန်မြို့၌လည်း မြို့နယ် ရှစ်မြို့နယ်တွင် ငြိမ်းချမ်း ရေးနေ့ အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ပွဲ ပြုလုပ်ကာ စမ်းချောင်းမြို့နယ်ရှိ ပြည်သူ့ရင်ပြင် အပန်းဖြေဥယျာဉ် တွင် အဆုံးသတ်မည်ဖြစ်သည်ဟု သိရသည်။