ဒု-ရဲအုပ်တစ်ဦး ကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ်မှ အလိုအလျောက် ကျည်ထွက်ခဲ့သဖြင့် အမျိုးသမီး ထိမှန်ခံရမှုတစ်ခု ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ ၁၆ ရက် ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်မှာ မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျိုက်ထိုမြို့မရဲစခန်းမှ လဝ ၂၀၂၉၅၃ ဒု-ရဲအုပ် ထွန်းထွန်းဝင်းကိုင်ဆောင်သည့် သေနတ်ဖြင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းသည် လှည့်ကင်းတာဝန် ပြီးဆုံးသဖြင့် ကျိုက်ထိုလမ်းရှိပန်းရိုးမ ထမင်းဆိုင်တွင် တစ်ဦးတည်း ထမင်းစားနေစဉ် ၎င်းကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ်မှ အလိုလို ကျည်ထွက်ခဲ့ခြင်း ဖြစ်သည်။
ယင်းကျည်ဆန်သည် ထမင်းဆိုင်မှလုပ်သားဖြစ်သူ မစန္ဒာရွှေ၏ ၀မ်းဗိုက် ယာဘက်ခြမ်းအား ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု တိုင်းရဲဌာနမှ သိရသည်။
အဆိုပါ မတော်တဆမှုကြောင့် ကျည်ဆန်အားခွဲစိတ်ကုသရန် ကျိုက်ထိုဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ မွန်းလွဲ ၁ နာရီကျော်အချိန်တွင် ရောက်ရှိလာခြင်းဖြစ်သည်ဟုလည်း သိရသည်။
ထို့ကြောင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ် ကုသဆောင်တွင်အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသလျက်ရှိသည်ဟု သိရသည်။ ယင်းလူနာကို ကျိုက်ထိုမြို့မ ရဲစခန်းမှ လ ၂၁၉၃၃၂ ဒုရဲအုပ် ဇော်မင်းထွန်းနှင့် အဖွဲ့က လိုက်ပါပို့ဆောင် ကူညီဆောင်ရွက်ပေးနေသည်ဟုလည်း ရန်ကုန်တို်င်းရဲတပ်ဖွဲ့မှ သိရှိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီးမည်ကဲ့သို့သော အရေးယူဆောင်ရွက်နေမှုများ ပြုလုပ်နေသည်ကို သိရှိနိုင် ကျိုက်ထိုမြို့ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် အထက်ကခွင့်ပြုချက်မရှိဟုဆိုကာ တစ်စုံတစ်ရာ အတည်ပြုဖြေကြားပေးခြင်း မရှိခဲ့ပေ။
ဖုန်းကိုင်ဖြေကြားပေးခဲ့သော တာဝန်မှူး ဒု-ရဲအုပ်သောင်းလှကလည်း “အပေါ်ကခွင့်ပြုချက်ရမှ ပြောလို့ရမှာပါ၊ ဘယ်လိုဆောင်ရွက်နေတယ် ဆိုတာတော့ကျွန်တော်တို့လည်း မသိပါဘူး။ စခန်းမှူး၊ မြို့နယ်မှူးတို့ပဲ သိပါလိမ့်မယ်။ သူတို့လည်း မရှိပါဘူး” ဟု မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ပြောခဲ့သည်။