မြန်မာနိုင်ငံတွင် ပြည်ထောင်စုတပ်မတော် Union Army တစ်ခုတည်းသာ ရှိသင့်သည်ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၂ ရက် တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀င်များ၊ ပြည်သူလူထု တို့နှင့် တွေ့ဆုံစဉ်ပြောကြားလိုက်သည်။
“နိုင်ငံတော်ကာကွယ်ရေးနဲ့ ပတ်သက်ရင် တပ်မတော်ဆိုတာ တိုင်းပြည်တစ်ပြည်မှာ တပ်မတော်တစ်ခု ပဲရှိပါ တယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ယူနီယံအာမခံ UNION ARMY ဆိုတာပဲရှိတယ်။
တိုင်းဒေသကြီး၊ ပြည်နယ်တွေ အားလုံးမှာလည်း တစ်တိုင်းကို တပ်မတော်တစ်ခု ဘယ်နိုင်ငံမှာမှမရှိပါဘူး။ ပြည်ထောင်စုတပ်မတော်မှာပဲ အားလုံး ပါရပါမယ်” ဟု သူရဦးရွှေမန်းက ပြောဆိုသည်။
“ Power sharing (အာဏာခွဲဝေခြင်း) ဆိုတာက စဉ်းစားဆင်ခြင်ပြီး စနစ်တစ်ခုကနေ စနစ်တစ်ခု ကူးပြောင်း တဲ့အခါ လွယ်လွယ်နဲ့မရဘူး။ အဆင့်တိုင်း အဆင့်တိုင်းကို လုပ်ဆောင်သွားရမယ်” ဟုလည်း သူက ဆိုခဲ့သည်။
သူရဦးရွှေမန်း၏ Union Army နှင့်ပတ်သက်သည့် ပြောဆိုချက်နှင့်ပတ်သက်၍ ပြည်ထောင်စုတပ်မတော်တွင် တိုင်းရင်းသားများပါ၀င် နိုင်ခွင့်နှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများ များစွာဖြစ်ပေါ်လာနိုင်သည်ဟု တောင်ကြီး မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ ဗဟိုစည်းရုံးရေးမှူး စိုင်းခမ်းဖက သုံးသပ်သည်။
“ဒါပေမယ့်လည်း ဖွဲ့စည်းပုံအရ ပြည်ထောင်စုတပ်မတော်ဆိုတာ ဘယ်လိုဖွဲ့စည်းမလဲ၊ ဘယ်အဆင့်မှာ ဘယ် တိုင်းရင်းသားကိုပေးမလဲ၊ ရာခိုင်နှုန်းဘယ်လောက်စီနဲ့ ဖွဲ့စည်းသွားမလဲ အတော်လေးကို စဉ်းစားရေးဆွဲရ မယ်” ဟုပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၇ တွင် “တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံး သော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။” ဟု ဖေါ်ပြထားပြီး ပုဒ်မ ၃၃၈ တွင်မူ “နိုင်ငံတော်အတွင်းရှိ လက်နက် ကိုင် အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်” ဟု ထပ်မံဖေါ်ပြထားသည်။