ငါးပိတွင် ဓာတ်မြေသြဇာပါသည့်ဂယက်ကြောင့် ရောင်းအား ၈၀ ရာခိုင်နှုန်း ကျဆင်း

ငါးပိတွင် ဓာတ်မြေသြဇာပါသည့်ဂယက်ကြောင့် ရောင်းအား ၈၀ ရာခိုင်နှုန်း ကျဆင်း
by -
မဇ္စျိမ

စားသုံးသူစျေးကွက်အတွင်းသို့ ၀င်ရောက်လာသောငါးပိများတွင် ဓာတ်မြေသြဇာအသုံးပြုထားသည် ဆိုသည့် သတင်းများကြောင့် ငါးပိရောင်းလိုအားမှာ ၈၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း
ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အသင်းဖြစ်မြောက်ရေးကော်မတီနာယက ဦးမောင်မောင်သိန်းက မဇ္ဈိမသို့ ပြောသည်။

“အရင်တုန်းကဆိုရင် ငါးပိဿာရောင်းရရင် အခုလေးပိဿာပဲရောင်းရတော့ ရောင်းအားက အရမ်းကျ သွားတယ်”ဟု ဦးမောင်မောင်သိန်းက ဆိုသည်။

ဓာတ်မြေသြဇာကို ငါးပိတွင် အသုံးပြုထားသည်ဆိုသည့်သတင်းများကြောင့် ရန်ကုန်မြို့ရှိဆိုင်များတွင် ရောင်းအား များ ရုတ်တရက်ကျဆင်းသွားသည်ဟု ဦးမောင်မောင်သိန်းက ဆက်လက်ပြောသည်။

ရောင်းအားကျသွားပြီး ရောင်းစျေးမှာမူ ပုံမှန်အတိုင်းပင်ရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

ထမင်းဆိုင်အချို့တွင်လည်း ငါးပိရည်ကို အသုံးမပြုတော့ဘဲ ငံပြာရည်ချက်များကို သုံးတော့ကြောင်းကို ဆရာစံလမ်း တွင် ထမင်းဆိုင်ဖွင့်လှစ်ထားသည့် အသက် ၅၀ ခန့်အရွယ်အမျိုးသမီးတစ်ဦးက
“ဂျာနယ် တွေမှာ ပါကတည်းက ဆိုင်မှာ လုံးဝ ငါးပိရည်မသုံးတော့ဘူး။ ငံပြာရည်တို့ ဘာတို့ကိုပဲ သုံးတော့တယ်” ဟု ဆိုသည်။

တောင်ဒဂုံမြို့နယ်ရှိ အိမ်ရှင်မတစ်ဦးဖြစ်သည့် မချိုက ဆင်းရဲသားများတွင် အားပြုစားနေရသည့် ငါးပိရည်ကို မသမာမှုပြုသည့်အတွက် စားစရာပင်မရှိတော့ဟု ခံစားရကြောင်းနှင့် ကိုယ်တိုင်လုပ်ရောင်းသည့် သူများထံတွင် ၀ယ်စားကြောင်း “မျက်နှာသိ ငါးပိပဲဝယ်တော့တယ်”ဟု ပြောသည်။

စက်မှုဇုန်လုပ်ငန်းရှင်များက ငါးပိကို ဓာတ်မြေသြဇာအသုံးပြုထုတ်လုပ်ခြင်း လုံးဝမရှိကြောင်း၊ စျေးပေါပေါနှင့် နယ်မှလာရောင်းချပါက သတိထား စားသုံးသင့်ကြောင်း ဦးမောင်မောင်သိန်းက အကြံပြုပြောသည်။

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ယခုလောလောဆယ်တွင် ဓာတ်မြေသြဇာ အသုံးပြု ထားသည်ဟု ယူဆရသော ငါးပိများကို စစ်ဆေးရန် အစားအသောက်နှင့်ဆေးဝါးစစ်ဆေးရေး ဦးစီးဌာနသို့ ပေးပို့ထားပြီး စက်တင်ဘာ ၃ရက်မှ စတင်ကာ ငါးပိလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ရန်ကုန် တိုင်းဒေသကြီးရှိ ငါးပိ လုပ်ငန်းများကို သွားရောက်စစ်ဆေးတော့မည်ဖြစ်ကြောင်း ရှင်းပြသည်။

“ဒါတွေကို စစ်ဆေးပြီးသွားရင် တံဆိပ်တွေသတ်မှတ်ပြီး ဘယ်ဟာက စားသုံးသင့်တယ်၊ ဘယ်ဟာက မစားသုံး သင့်ဘူးဆိုတာတွေကို ထုတ်ပြန်သွားမယ်”ဟု ဦးဗအုပ်ခိုင်က ဆိုသည်။

ဧရာဝတီတိုင်းဒေသမှထွက်ရှိသော ငါးပိများတွင် ငါးများကို လျင်မြန်စွာနူးစေရန်အတွက် ဓာတ်မြေသြဇာ အသုံးပြု ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ၎င်းက ပြောသည်။