ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ အမျိုးသမီးရေးရာ အဖွဲ့ချုပ်သည် လက်ရှိကချင်ပြည်နယ်တွင်း ဆောင်ရွက်နေရာ တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း စည်းရုံးရေး တာဝန်ခံ ဒေါ်ခေါင်ယန်းက ပြောသည်။
“တိုက်ပွဲ စတင်လာတဲ့ အချိန်ကစပြီး ကျွန်မတို့ အမျိုးသမီးအဖွဲ့ဝင်တွေ အစည်းအဝေးတွေ အကြိမ်ကြိမ်ထိုင်ပြီး ပ့ံပိုးနိုင်မဲ့ပါ၀င်လို့ရတဲ့ အပိုင်းတွေကို ၀ုိင်းစဉ်းစားပြီး လုပ်ကြတယ်။ ပြီးတော့ ရှေ့တန်းစစ်သားတွေအတွက် အကူအညီပေးနိုင်အောင် ရန်ပုံငွေကို နည်းလမ်းအမျိုးမျိုး ရှာကြတာတို့၊ ဒါတင်မကဘူး အဖွဲ့အစည်းသစ်တွေကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်” ဟု ဒေါ်ခေါင်ယန်းက ဆိုသည်။
လက်ရှိတွင် KIO မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်များကို အပြင်းအထန် ဆောင်ရွက်လျှက်ရှိ သည်ဟုဆိုပြီး KIO အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ သတင်းပေးခြင်း၊ မူးယစ်ဆေးဝါးကြောင့် အချင်းများနေကြသော အိမ်ထောင်စုများကို အသိပညာပေးခြင်းတို့ ဆောင်ရွက်နေခြင်းဖြစ်သည်။
KIO အမျိုးသမီးများနေ့ (၃၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို သြဂုတ် ၁၉ ရက်က ကျင်းပခဲ့ပြီး အဆိုပါပွဲတွင် အမျိုးသမီးအဖွဲ့၏ လုပ်ဆောင်ချက်များတွင် အမျိုးသမီးများ ပိုမိုပါ၀င်လာရန်နှင့် ပါ၀င်နိုင်သည့် လုပ်ငန်းကဏ္ဍများကို သိရှိနားလည်ရန်၊ အမျိုးသမီးများအဖွဲ့ချုပ်က တိုက်တွန်းထားခဲ့သေးသည်။
အဆိုပါ အမျိုးသမီးရေးရာ အဖွဲ့ချုပ်သည် ကလေးသူငယ်စောင့်ရှောက်မှုပေးခြင်း၊ လူကုန်ကူးမှု ကာကွယ်တားဆီးခြင်း၊နိုင်ငံတကာနှင့် ဆက်သွယ်မှုများ ဆောင်ရွက်ခြင်း အပါအဝင် အမျိုးသမီးသတင်း ထုတ်ပြန်ခြင်းများကို နှစ်စဉ် ပြုလုပ် လျှက်ရှိသည်။
KIO အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို ၁၉၇၈ ခုနှစ်က စတင်၍ အမျိုးသမီးများ၏ ဆုံးရှုံးနေသော အခွင့်အရေး များပြန်လည် ရရှိလာစေရန်နှင့် အသိပညာ ကြွယ်ဝသည့် အမျိုးသမီးများ ပေါ်ထွန်လာစေရန်၊ လူမျိုး နှင့် တိုင်းပြည် အကျိုးပြုနိုင်သော အမျိုးသမီးကောင်းများ ဖြစ်ထွန်လာစေရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။