ရန်ကုန်ရောက် ရခိုင်အဖွဲ့အစည်းများက ရခိုင်တိုင်းရင်းသားတို့၏ အာဇာနည်နေ့အဖြစ် သတ်မှတ်ထားသော ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်မြို့တွင် လာမည့် စက်တင်ဘာ ၉ ရက်၌ တစ်စုတစ်စည်းတည်း ကျင်းပသွားမည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီနာယကဖြစ်သည့် တိုင်းဝန်ကြီး ဦးဇော်အေးမောင်က ပြောကြား ခဲ့သည်။
“ဟိုတစ်စု ဒီတစ်စု လုပ်တာထက်စာရင် အားလုံးပေါင်းလုပ်တော့ ပိုပြီး အောင်မြင်တာပေါ့။ ဒီလိုပွဲမျိုးကို အရင်က မလုပ်ဖူးပါဘူး”ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်သည့် ဦးဇော်အေးမောင်က ဆက်ရှင်းပြသည်။
ထိုအခမ်းအနားကို တိုင်းအစိုးရအဖွဲ့၏ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရခိုင်တိုင်းရင်း သား ပါတီများဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့လည်း ပူးပေါင်းပါ၀င်မည့် အပြင်ရခိုင်သဟာရအသင်း၊ ရခိုင်အမျိုးသားကွန်ရက်၊ ရက်္ခိတဖောင်ဒေးရှင်း စသည့် အဖွဲ့အစည်းများလည်း စုံလင်စွာ စုစည်းကျင်းပမည်ဟုလည်း ပွဲဖြစ်မြောက်ရေးကော်မတီက ဆိုသည်။
ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားသည် “ဗြိတိသျှကိုလိုနီနယ်ချဲ့ကို ရဲရဲဝံ့ဝံ့ အာခံဝံ့သူ၊ တစ်တိုင်းတစ် ပြည်လုံးနိုင်ငံရေး စိတ် နိုးကြား ထကြွလာအောင် ဦးဆောင် လမ်းညွှန်ခဲ့သူ ဖြစ်တဲ့အတွက် နောက်လာနောက်သားတွေ အမြဲအမှတ်ရနေအောင် ကျင်းပတာ”ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က မဇ္စျိမကိုပြောသည်။
ယခင်က ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်ပြည်နယ်၏ ဒေသအနှ့ံအပြားတွင် နှစ်စဉ် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မူ ရန်ကုန်မြို့ရှိ ရခိုင်အဖွဲ့အစည်း အသီးသီးကလည်း မိမိအစီအစဉ်ဖြင့် ကျင်းပရန် စီစဉ်ဆောင်ရွက် လာခြင်း ဖြစ်သည်ဟု ဦးအေးသာအောင်က ဆိုသည်။
ဆရာတော်ဦးဥတ္တမသည် ဗြိတိသျှနယ်ချဲ့များ မြန်မာနိုင်ငံကို ကိုလိုနီပြုလုပ်ထားစဉ်အချိန်က မြန်မာအမျိုးသား များ အမျိုးသားရေးစိတ်ဓာတ်၊ နိုးကြွလာအောင် တောရောမြို့ပါမကျန် နယ်လှည့် တရားဟောစည်းရုံးခဲ့ သည့်အပြင် ထိုစဉ်က မြန်မာနိုင်ငံကိုအုပ်ချုပ်နေသည့် ဗြိတိသျှဘုရင်ခံ ဆာရယ်ဂျီနယ် ကရက် ဒေါက်ကို မြန်မာပြည်မှ ထွက်သွား ရန် သူရိယသတင်းစာမှတဆင့် စာဖြင့် နှင်ထုတ်ခဲ့သည်။ ဆရာတော်သည် မြန်မာများကို နိုင်ငံရေးအသိများနိုးကြားလာစေ ရန်ပြုလုပ်သဖြင့် ဗြိတိသျှကိုလိုနီအစိုးရ၏အကြိမ်ကြိမ် ထောင်ချခြင်းကို ခံခဲ့ရလေသည်။
ရခိုင်တိုင်းရင်းသားဖြစ်သော ဆရာတော်ဦးဥတ္တမသည် ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သဖြင့် ယင်းနေ့ကို ရခိုင်တိုင်းရင်းသားများက ဦးဥတ္တမနေ့အဖြစ်သတ်မှတ်ပြီး အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလေ့ရှိသည်။
အစိုးရကလည်း ဦးဥတ္တမနေ့ကို ၂၀၁၁ ခုနှစ်တွင် စတင်၍ တရားဝင် ကျင်းပခွင့်ပြုခဲ့သည်။