ဘဏ်လုပ်ငန်းဆိုင်ရာများကို မိုုဘိုင်းဖုန်းပေါ်မှတစ်ဆင့် လုပ်ဆောင်နိုင်သော Mobile Banking စနစ် စတင်မည် ဆိုပါက ပြည်တွင်းပုဂ္ဂလိကဘဏ်လေးခုက စတင်လုပ်ဆောင်နိုင်မည်ဟု ခန့်မှန်းကြောင်း ဘဏ်လုုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။
ယင်းစနစ် စတင်နိုင်ရန်အတွက် ဗဟိုဘဏ်သို့ လျှောက်ထားသည့် ပြည်တွင်းဘဏ် လေးခုရှိသည်ဟု လျှောက်ထား သည့် ဘဏ်များ၏ ပြောဆိုချက်အရ သိရသည်။ အဆိုပါ ဘဏ်လေးခုမှာ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်(AGD)၊ သမဝါယမဘဏ်(CB)၊ မြဝတီဘဏ်နှင့် ကမ္ဘောဇဘဏ် (KBZ) တို့ဖြစ်သည်။
Mobile Banking လုပ်ငန်းများအတွက် ဗဟိုဘဏ်က ခွင့်ပြုချက်ပေးနိုင်ရန် ငွေပေးချေမှုများ၊ လုပ်ငန်း စဉ်များတွင်ဖြစ်ပေါ်နိုင်သည့် ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် စည်းမျဉ်းစည်းကမ်း (Regulation) များကိုလည်း ရေးဆွဲထားပြီး အဆိုပါစည်းမျဉ်းစည်းကမ်းများကို ဗဟိုဘဏ်က ရှေ့နေချုပ်ရုံးသို့ ပို့ထား ပြီးဖြစ်သည်ဟုလည်း ဘဏ်များက ဆိုသည်။
AGD ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက “ကျွန်တော်တို့နိုင်ငံမှာ အွန်လို်င်းပေါ်က ငွေပေးချေမှုနဲ့ ဆိုင်တဲ့ ဥပဒေတွေ မရှိသေးဘူး။ Mobile Banking လုပ်ငန်းက အွန်လိုင်းပေါ်က ငွေးပေးချေမှုပုံစံမျိုးနဲ့ သွားမှာ။ ဒါကြောင့် Banking နဲ့ပတ်သက်တဲ့စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်(Regulation)တွေကို ဗဟိုဘဏ်က ရေးဆွဲပြီးရှေ့နေချုပ်ရုံးကို ပို့ထားတယ်။ Regulation အတည်ပြုပြီးရင်တော့ ဗဟိုဘဏ်က Mobile Banking လုပ်ငန်းတွေကို ခွင့်ပြုပေးသွားမယ်ထင်တယ်”ဟု ပြောသည်။
Mobile Banking စနစ် အသုံးပြုရာတွင် SMS စနစ်ဖြင့် ပေးပို့ခြင်း၊ SMS ကဲ့သို့ မက်ဆေ့ချ်ပို့သည့် စနစ်တစ်မျိုးနှင့် စမတ်ဖုန်းတွင် application ထည့်သွင်း၍အသုံးပြုသည့်စနစ် သုံးခုရှိသည်။ ပြည်တွင်း တွင် စတင်လုပ်ဆောင်ရာ၌ စမတ်ဖုန်းတွင်application ထည့်သွင်း အသုံးပြုသည့်စနစ်ကို လုပ်ဆောင် သွားမည်ဟုလည်း ဘဏ်များကဆိုသည်။
ဦးရဲမင်းဦးက “မြန်မာနိုင်ငံမှာဖုန်း System တွေက မတူဘူးဖြစ်နေတယ်။ GSM ရှိမယ်၊ CDMA ရှိတယ်။ စနစ်တွေ မတူတော့ SMS စနစ်နဲ့ သုံးဖို့ကျတော့ နည်းနည်းအခက်အခဲရှိတယ်။
အဲဒီစနစ်တွေအကုန်လုံးကို လိုက်ညှိလိုက်မှ ကျွန်တော်တို့ဘဏ်တွေက Application Base နဲ့ သွား မယ်။ အခု စမတ်ဖုန်းပေါ်ကနေ ဆော့ဖ်ဝဲ Application ထည့် ပြီး အသုံးပြုတဲ့နည်းနဲ့ သွားတော့မယ်”ဟု ဆိုသည်။
အဆိုပါ Application ဖြင့်သွားသည့်စနစ်မှာ အင်တာနက်ရှိမှ အသုံးပြုနိုင်မည်ဖြစ်သည်။CB ဘဏ်မှ မန်နေဂျာ တစ်ဦးကလည်း “Mobile Banking ကို စမတ်ဖုန်းပေါ်မှာ Mobile Banking ထည့်သွင်းပြီး အသုံးပြုရမယ့်ပုံစံနဲ့
လုပ်သွားမယ်။ အဲဒီစနစ်က မိုဘိုင်းအင်တာနက်ရှိမှ အသုံးပြုနိုင်မယ်။ Mobile Banking စနစ်ကို ၂၀၁၃ နှစ်ကုန်ပိုင်းလောက် မြန်မာနိုင်ငံမှာ စသုံးနိုင်မယ်လို့ ထင်တယ်”ဟု ဆိုသည်။
ပြည်တွင်းတွင် အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုများပြုလုပ်နိုင်သော Online Payment စနစ်များ စမ်းသပ်အသုံးပြုနေသည် လည်းရှိပြီး လက်ရှိတွင်အသုံးပြုမှု အနည်းငယ်တွင် ကျယ်လာပြီဖြစ်သည်။ ယင်းသို့စမ်းသပ်သုံးစွဲမှု များရှိသော်လည်း Online Payment စနစ်များ၊ Mobile Banking စနစ်များ အသုံးပြုနိုင်ရန် ဥပဒေများရေးဆွဲပေးရန် လိုအပ်ကြောင်းလည်း ပြည်တွင်းအိုင်တီပညာရှင်အချို့က သုံးသပ်ကြသည်။ သို့မှသာ အွန်လိုင်းတွင် ငွေပေးချေမှု ပြဿနာများ ဖြစ်ပေါ်လာပါက ဥပဒေနှင့်အညီ ဖြေရှင်းနိုင်မည်ဖြစ်သည်။