အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အများပြည်သူ သိရှိလေ့လာ အကြံပြုနိုင်စေရန် သြဂုတ် ၂၅ ရက်က ကြေညာခဲ့ပြီး ယင်းဥပဒေကြမ်းတွင် အများအားဖြင့် ပြစ်မှု၊ ပြစ်ဒဏ်နှင့် ပတ်သက်သည့် အချက်များကို ပြင်ဆင်လျှော့ပေါ့ပေးခဲ့သည်။
အဆိုပါဥပဒေကြမ်းကို ပြန်ကြားရေးဝန် ကြီးဌာနဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားခဲ့ပြီး ယခင်ဥပဒေတွင် ပါ၀င်သည့် ပြစ်ဒဏ်များတွင် ထောင်ဒဏ်များကို လျှော့ချပေးထားသည်ကို တွေ့ရသည်။
အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ-၃၃ တွင် ယခင်က ထောင်ဒဏ်များကို အနည်းဆုံး ခုနစ်နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်နိုင်သည်ဆိုသည့်နေရာတွင် အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်ဟု ပြင်ဆင်ထားသည်ကို တွေ့ရသည်။ ယင်းအပြင် ဥပဒေပုဒ်မ-၃၄ တွင် ဥပဒေပါ အချက်အလက်များကို ကျူးလွန်လျှင် ထောင်ဒဏ်ငါးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည် ဟူ သောနေရာတွင်လည်း ငွေဒဏ်ကျပ်သိန်း ၅၀ မှ သိန်း ၁၀၀ ချမှတ်နိုင်ပြီး ငွေဒဏ်မပေးဆောင်လျှင် ထောင်ဒဏ်ခြောက်လ ချမှတ်ရမည်ဟု ပါရှိသည်။
ယင်းအပြင် သုံးနှစ်အထိကျခံရမည့် ထောင်ဒဏ်များကိုလည်း ငွေဒဏ်များဖြင့် ပြင်ဆင်ခဲ့ပြီး ငွေဒဏ် မပေးဆောင်လျှင် ထောင်ဒဏ်သုံးလဟူ၍လည်း ပုဒ်မ-၃၅ တွွင် ပြင်ဆင်ခဲ့သည်။ ပုဒ်မ-၃၆၊ ၃၇ နှင့် ၅၁ ပုဒ်မများကိုလည်း ပြင်ဆင်ခဲ့ပြီး ထောင်ဒဏ်များ လျှော့ပေါ့ခဲ့သည်။
ယင်းသို့ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထောင်ဒဏ်များ လျှော့ချလိုက်ခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ အလုပ်အမှုဆောင် ဦးဇော်မင်းဦးက ပြစ်ဒဏ်များ လျှော့ပေါ့လိုက်ခြင်းသည်အလွန်ကောင်းသည့်အချက်ဖြစ်သည်ဟု လက်ခံပြောဆိုလိုက်သည်။
၎င်းက “ပြစ်ဒဏ်တွေ လျှော့ချလိုက်တာ ၀မ်းသာစရာကိစ္စပါပဲ။ ကျွန်တော်တို့ဘက်က ထပ်ပြီးဆွေးနွေး သွားဖို့လည်း ရှိပါတယ်။ အဲဒါက အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေမှာ e-Commerce နဲ့ ပတ်သက်ပြီး လုပ်နိုင်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့လည်း ရှိနေပါတယ်။ e-Commerce နဲ့ထွန်းကားလာမှ တိုင်းပြည်လည်း တိုးတက်လာမှာပါ။ ဒီအချက်ကို ကျွန်တော်တို့ ဆွေးနွေး သွားဖို့လည်း ရှိနေပါတယ်” ဟု မဇ္ဈိမ၏ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။
အဆိုပါ ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များမှာ များပြားလွန်းသည့်အတွက် ပြန်လည်ပြင်ဆင်မည့် အဆိုတင်သွင်းခြင်းကို ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမမြောက်ပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ တွင် ပြည်သူ့လွှတ် တော်က အတည်ပြုခဲ့သည်။
အဆိုပါအီလက်ထရောနစ် အက်ဥပဒေပါ ပြစ်မှုပြစ်ဒဏ်မှာ များပြားလွန်းပြီး ယင်းဥပဒေဖြင့် နိုင်ငံရေး သမားများ၊ ကျောင်းသားခေါင်းဆောင်များကို နှစ်ရှည်ထောင်ဒဏ်ပြစ်ဒဏ်များပေးသည့် ဥပဒေတစ်ရပ် ဖြစ်ခဲ့သည်။ သို့ဖြစ်၍ အချိန်ကာလနှင့် လျော်ညီမှုရှိစေရန်အတွက် ဥပဒေပါပြစ်ဒဏ်များကို ဖြေလျှော့ခြင်း၊ ပြင်ဆင်သင့်သည့် အချက်များ ကို ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က သြဂုတ် ၂၁ ရက်တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။