ကလို့ထူးဘော စစ်ဌာနချုပ်မှ ဗိုလ်ကြီးတစ်ဦးကို နယ်ကျော် လက်နက်ကိုင်ဆောင်ပြီး ခြိမ်းခြောက်မှုဖြင့် တရားစွဲရန် သြဂုတ် ၂၀ ရက်က သန်လျင်ရဲစခန်း၌ အမှုဖွင့်လိုက်ကြောင်း မြို့နယ်စခန်းမှူး ဒု-ရဲမှူး တင်လှက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။
သြဂုတ် ၅ ရက်ညက သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားလမ်း မြို့ဝင်ကြေး ကောက်ခံရေးစခန်းအနီးတွင် ရေကြောင်းတက္ကသိုလ်မှ ကျောင်းသားကြို/ပို့ယာဉ်ကို အနက်ရောင် ကိုယ်ပိုင်ကားတစ်စီးက ပိတ်ရပ်ထားရာမှ ထိုကိစ္စ စတင်ဖြစ်ပွားခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
ထိုသို့ ပိတ်ရပ်ထားသောကြောင့် ကျောင်းသားကြို/ပို့ယာဉ်မှ ယာဉ်မောင်းနှင့် ထိုအနက်ရောင် ကိုယ်ပိုင်ကားမှ ယာဉ်မောင်းတို့ စကားများကြရာ ကိုယ်ပိုင်ကား၏ ယာဉ်မောင်းက သေနတ်ထုတ် မောင်းတင်ပြီး ချိန်ရွယ်သဖြင့် ကြို/ပို့ကားမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးသွားခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။
ထိုကိစ္စကို နောင် ၁၅ ရက်အကြာတွင် သန်လျင်မြို့နယ်စခန်းမှူး ဒုရဲမှူးတင်လှက တရားလိုပြုလုပ် တိုင်တန်း အမှုဖွင့်လိုက်ခြင်းဖြစ်ပြီး “အမှုကို ခုမှ ဖွင့်လိုက်တာက စီစစ်အတည်ပြုချက်တွေ လုပ်နေရလို့ပါ။ သူ့ ကို မမိသေးပါဘူး။ တိုင်းကျော် ခရီးသွားလာခွင့်တင်ပြီး သွားရောက် ဖမ်းဆီးမှာပါ” ဟုလည်း ၎င်းက ဆိုသည်။
ရဲဌာန၏စစ်ဆေးတွေ့ရှိချက်အရ တက္ကသိုလ်ကြိုပို့ကားမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်ကို သေနတ်ဖြင့် ထုတ်ချိန်သူမှာ အသက် ၂၈ နှစ်အရွယ် စောရဲလှိုင်ဆိုသူဖြစ်ပြီး ၎င်းသည် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၏ ကလိုထူးဘော အခြေခံစစ်ဗျူဟာဌာနမှ ဗိုလ်ကြီးဖြစ်ကြောင်း အတည်ပြုထားသည်။
သူသည် ရန်ကုန်တွင်ပြုလုပ်သည့် ရှစ်လေးလုံးငွေရတု အထိမ်းအမှတ်အခမ်းအနားသို့ လာရောက်သည့် ကလိုထူးဘော စစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး၏ ကိုယ်ရေးအရာရှိဖြစ်ပြီး အခမ်းအနားသို့ အလာ ထိုသို့ဖြစ်ပျက်ခဲ့သဖြင့် သူ့သေနတ်ကို ရဲများက သိမ်းဆည်းခဲ့ကြောင်း မဇ္ဈိမက သတင်းဖော်ပြခဲ့ဖူးသည်။
ဗိုလ်ကြီးစောရဲလှိုင်၏ အမှုနှင့်ပတ်သက်၍ DKBA ဘက်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က “ကိုယ့်ဘက်က လူက ဥပဒေနဲ့ငြိစွန်းတယ်။ မှားတယ်ဆိုရင် အရေးယူလိုက်ပါလို့ ကျွန်တော်တို့ဘက်က ပြောပါတယ်။ ဒါပေမဲ့ ခရိုင်ရဲတွေက ခင်ဗျားတို့ဘက်က မမှားပါဘူး။ သေနတ်ကတော့ ရန်ကုန်တိုင်းထဲမှာ ကိုင်လို့မရလို့ သိမ်းထားတာပါ။ ပြန်ရင်ပြန်ပေး ပါ့မယ်လို့ ပြောတယ်။ သူတို့ဘက်က ပြန်ပေးမယ်ပြော ထားလို့ ပြန်ခါနီးပြန်တောင်းတော့ မပေးဘူး”ဟု ထိုစဉ်က ရှင်းလင်းပြောကြားခဲ့မှု ကိုလည်း မဇ္ဈိမက ထည့်သွင်းဖော်ပြခဲ့သည်။
လက်ရှိအချိန်တွင် ကလို့ထူးဘော စစ်ဌာနချုပ်မှ ဗိုလ်ကြီးစောရဲလှိုင်ကို ဒု-ရဲမှူးတင်လှ၏ တိုင်တန်းချက်အရ သန်လျင်ရဲစခန်းတွင် အမှုအမှတ်(ပ) ရ၇၄/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းမိပါကလည်း လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် တရားစွဲမည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။