ရှမ်းပြည်နယ် အတွင်းရှိ အင်းလေးကန် ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် အင်းလေး ဒေသ စိမ်းလန်းစိုပြေရေးအတွက် ယင်းဒေသတွင် အသစ်ဆောက်လုပ်နေသည့် ဟိုတယ် ၁၄ လုံးက ငွေကျပ် သိန်းကိုးရာကျော် ပေးအပ်ခဲ့သည်။
ယင်းသို့ ပေးအပ်ခြင်းကို တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ဩဂုတ် ၃ ရက်က ပေးခဲ့ ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက် ပေါင်းထံ ပေးအပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဟိုတယ်သစ် ၁၄ လုံးမှ ပိုင်ရှင်များက ပေးအပ်ရာတွင် အင်းလေးကန် ရေရှည်တည်တံ့ရေး အပြင်တောင်ကြီးမြို့ မီးသတ်ဦးစီးဌာနအတွက် တစ်စီးလျှင် ကျပ်သိန်း ၂၂၀ တန်ဖိုးရှိ မီးသတ်ကားနှစ်စီးကိုလည်း ပေးအပ်ခဲ့သည်။
အဆိုပါပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး ဦးဋ္ဌေးအောင်နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဝန်ကြီးများ၊ ဟိုတယ်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ယင်းအပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း လူထုအခြေပြု တိုင်းရင်းသားအဖွဲ့နှင့် အစိုးရမဟုတ်သော ဒေသခံအဖွဲ့အစည်း ရှစ်ဖွဲ့ကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP က အင်းလေးကန် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ သုံးသိန်းခွဲ ပေးအပ်ခဲ့သည်။ ယင်းငွေကြေးမှာ အင်းလေးဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဇူလိုင်လမှ စတင်၍ လုပ်ကိုင်နိုင်ရန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။