ဆီးဂိမ်းအတွက် ပဏာမကစားသမား ၃၀ ဦး စာရင်းထုတ်ပြန်

ဆီးဂိမ်းအတွက် ပဏာမကစားသမား ၃၀ ဦး စာရင်းထုတ်ပြန်
by -
မဇ္ဈိမ

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲနှင့် ခြေစမ်းပွဲများအတွက်ပြင်ဆင်လေ့ကျင့်မည့် ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းလူစာရင်းကို သြဂုတ်လ ၁ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင်သတင်းထုတ် ပြန်ခဲ့သည်။ အဆိုပါ လူစာရင်းတွင် ကစားသမား ၃၀ ဦးရွေးချယ်ထားပြီး ဆီးဂိမ်း မတိုင်မီကစားရန်ရှိသည့် ခြေစမ်းပွဲများ၊ ဖိတ်ခေါ်ပြိုင်ပွဲများအတွက် စခန်းသွင်းလေ့ကျင့်မည် ဖြစ်သည်။

ပတ်ဆောင်ဟွာ ရွေးချယ်ထားသည့် လူစာရင်းတွင် ရန်ကုန်ယူနိုက်တက်မှ လေးဦး၊ ရတနာပုံမှ ခြောက်ဦး၊ ကမ္ဘောဇမှ နှစ်ဦး၊ မကွေးမှ ငါးဦး၊ ဇေယျာရွှေမြေမှ လေးဦး၊ ဆောက်သမ်းမှ တစ်ဦး၊ ဟံသာဝတီယူနိုက် တက်မှနှစ်ဦး၊ ရခိုင်ယူနိုက်တက်မှ သုံးဦး၊ ဧရာဝတီယူနိုက်တက်မှ သုံးဦးပါ၀င်ပြီး သြဂုတ်လ ၁၂ ရက်မှ စက်တင်ဘာ ၅ ရက်အထိ စခန်းဝင် လေ့ကျင့်သွားမည်ဖြစ်သည်။

အသင်း၏လူစာရင်းတွင် ဒဏ်ရာမှ ပြန်လည်သက်သာလာသော တိုက်စစ်မှူး ကျော်ကိုကို ပြန်လည်ပါ ၀င်လာခဲ့ပြီး ဆက်ဖြိုးဝေ၊ မောင်မောင်သန့်၊ ကောင်းမြတ်ဦးစသည့် မျက်နှာသစ်ဘော လုံးသမားများလည်း ပါ၀င်လာခဲ့သည်။

ပဏာမယူ-၂၃ အသင်းသည် အောက်တိုဘာ ၁၅ ရက်တွင် ဗီယက်နမ် ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲ ကစားမည်ဖြစ်ကာ အောက်တိုဘာနှင့် နိုဝင်ဘာနှစ်လအတွင်း ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ သွားရောက် လေ့ကျင့်ခြေစမ်းကစားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ် ပြန်ခဲ့သည်။

ပဏာမမြန်မာ့ လက်ရွေးစင် ယူ-၂၃အသင်း ကစားသမားစာရင်း

ဂိုး -  ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ ကျော်ဇင်ဖြိုး(မကွေး)၊ မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ ရန်အောင်လင်း (ဟံသာဝတီ) နောက်တန်း  -  သိန်းသန်းဝင်း (ကမ္ဘောဇ)၊ နန္ဒကျော် (မကွေး)၊ ကောင်းမြတ်ဦး(ရခိုင်)၊ ဇော်မင်းထွန်း၊ ရဲလင်းအောင်၊ ရန်အောင်ဝင်း၊  သက်နိုင် (ရတနာပုံ)၊ အောင်ဟိန်းကျော် (ဇေယျာရွှေမြေ)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ မင်းကိုသူ (ရခိုင်)၊ အောင်ဇော် (ဟံသာဝတီ)
အလယ်တန်း -  မောင်မောင်သန့် (ရခိုင် )၊ ဆက်ဖြိုးဝေ (ရန်ကုန်)၊ ရဲလင်းအောင် (ဇေယျာရွှေမြေ)၊ ထူးထူးအောင် (မကွေး)၊ ကျော်ဇေယျာဝင်း (ကမ္ဘောဇ)၊ ဟိန်းဇာအောင် (မကွေး)၊ နန္ဒလင်းကျော်ချစ် (ဧရာဝတီ)၊ မျိုးဇော်ဦး (မကွေး)၊ ကြည်လင်း (ရန်ကုန်)၊ စိုးပိုင်သွေး (ဇေယျာရွှေမြေ)၊ ဒေးဗစ်ထန်း (ရန်ကုန်)၊ နေလင်းထွန်း (ဧရာဝတီ) ရှေ့တန်း -  ကောင်းစည်သူ၊ ဒွေးကိုကိုချစ် (ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်)