အသက်လိမ်ထားသည့် ကစားသမားများတွေ့ပါက ယူ-၁၉ နည်းပြအဖွဲ့ကို အရေးယူမည်ဟု ဦးဇော်ဇော် သတိပေး

အသက်လိမ်ထားသည့် ကစားသမားများတွေ့ပါက ယူ-၁၉ နည်းပြအဖွဲ့ကို အရေးယူမည်ဟု ဦးဇော်ဇော် သတိပေး
by -
မဇ္ဈိမ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ယူ-၁၉ အသင်းအုပ်ချုပ်သူများ၊ နည်းပြများအနေဖြင့် မိမိအား ယုံကြည်သဖြင့် ပေးအပ်ထားသည့်တာဝန်ကို အပြည့်အဝယူကြရန်နှင့် အသင်းအတွင်း အသက် လိမ်ထားသည့် ကစားသမားများ တွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း သတိပေး ပြောကြားလိုက်သည်။

မြန်မာလက်ရွေးစင် ယူ-၁၉ ဘောလုံးအသင်းသည် လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၌ ကျင်းပနေသည့် Weifang Cup 2013 နိုင်ငံတကာ ဖိတ်ခေါ်လူငယ် ဘောလုံးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ဥက္ကဋ္ဌ ဦးဇော်ဇော်က “အုပ်ချုပ်သူတွေအနေနဲ့ ကလေးတွေကို ကြောက်အောင် ဖိအားပေးကစားခိုင်းတာမျိုး မလုပ်ပါနဲ့။ဘောလုံးအဖွဲ့ချုပ်မှာ ဘယ်သူနဲ့ ရင်းနှီး လို့ ဘယ်ကစားသမားကို ထည့်တယ်ဆိုတာ မရှိပါဘူး။ အနာဂတ်အတွက် အသက်မှန်ကန်မှု ဦးစားပေးပြီး ရွေးချယ်ထားတဲ့အသင်းတွေ ဖြစ်သလို အဖွဲ့ချုပ်အနေနဲ့လည်း အစစအရာရာ ပံ့ပိုးပေးနေပါတယ်။ ဒီအတွက် အရှုံးနဲ့ ရင်ဆိုင်ရရင်လည်း သူများတွေ အသက်လိမ်ထားကြလို့၊ ကိုယ့်ကစားသမား အသက်ငယ်နေလို့စသဖြင့် ဆင်ခြေတွေပေးမနေဘဲ ရလဒ် ကောင်းဖို့သာ အာရုံစိုက်ပါ။ သက်တမ်းအလိုက် အသင်းတွေ ဖွဲ့စည်းတဲ့အခါမှာလည်း အသက်လိမ်လည်တာ၊ မမှန်မကန် ရွေးချယ်ခေါ်ယူတာမျိုး တွေ့ရှိလာပြီဆိုရင် ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ” ဟု ပြောကြားခဲ့သည်။