မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာပေါင်း ခြောက်သောင်းခန့်တွင် နေထိုင်သော မိသားစုများကို တစ်အိမ်ထောင်စုလျှင် တစ်သိန်းနှုန်းဖြင့် ကျပ်ငွေ ဘီလီယံသုံးရာခန့် ချေးသွားရန် သမဝါယမဝန်ကြီးဌာနက စီစဉ်နေကြောင်း ၀န်ကြီးဌာန၏သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်အောင်က မဇ္စျိမသတင်းစာကို ပြောသည်။
ကျေးရွာတစ်ရွာကို မိသားစုတစ်ရာ သတ်မှတ်ထားရာ ချေးငွေထုတ်ချေးရန် ၀န်ကြီးဌာနအနေနှင့် လေ့လာမှုများပြုလုပ်နေ ပြီး မည်သည့်အချိန်တွင် စချေးမည်ကို အတိမကျ မသတ်မှတ်ရသေးကြောင်း ဆက်ပြောသည်။
ချေးငွေကို သမဝါယမအသင်း ၀င်ထားသူများကို ထုတ်ချေးမည်ဖြစ်ပြီး ယင်းချေးငွေရယူလိုပါက အသင်းဝင်ထားရန် လိုအပ်ပြီး အသင်းဝင်ကြေးကို ကျပ် ၅၀၀၀ သတ်မှတ်ထားကြောင်း ဦးမြင့်အောင်က ပြောသည်။
“ချေးငွေကို ၀ိုင်းကြီးချုပ်စနစ်နဲ့ပေးမယ် ချေးမယ့်သူ အချင်းချင်း ၀ိုင်းကြီးချုပ်စနစ် ငါးယောက် စုပြီး ငွေချေးရမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ချေးငွေတစ်သိန်းကို မှန်မှန်ပြန်ဆပ်ပါက ၎င်းအိမ်ထောင်စုကို ငါးသိန်းကျပ်အထိ ထပ်မံချေးပေးမည် ဖြစ်ပြီး ယင်းချေးငွေများမှာ သမဝါယမဝန်ကြီးဌာနက နိုင်ငံတကာမှရရှိသော နိုင်ငံခြားချေးငွေ၊ ထောက်ပ့့ံငွေတို့ဖြင့် ပြန်လည်ထုတ်ချေးခြင်း ဖြစ်ကြောင်း ဦိးမြင့်အောင်က ပြောသည်။
ကျေးလက်ဒေသများမှ အကြွေးမြီများဖြင့် လုပ်ကိုင်သူများသည် ပြင်ပမှအတိုးနှုန်းကြီးကြီးဖြင့် ငွေချေးယူရသည့် အခက်အခဲကို လေး၊ငါးနှစ်အတွင်း ပပျောက်ပြီး ကိုယ်ပိုင်ငွေဖြင့် ရပ်တည်သွားစေရန် ရည်ရွယ်ပြီး ထုတ်ချေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
သမဝါယမ အသင်းဝင်ရန် ပေးသွင်းရမည့် ငွေကြေးမှာ အစုရှယ်ယာ သဘောမျိုးဖြစ်ပြီး မိမိဆန္ဒအလျောက် နုတ်ထွက်ပါက ယင်းငွေကို ပြန်လည်ထုတ်ယူနိုင်ကြောင်း ဦးမြင့်အောင်က ဆက်ပြောသည်။
ယခု လောလောဆယ်တွင် သမဝါယမဝန်ကြီးဌာနသည် မြို့နယ်ရှိ ရပ်ကွက်များတွင် ၀ိုင်းကြီးချုပ်စနစ်ဖြင့် အသေးစားငွေချေးနှင့် သမဝါယမအသင်းဝင်များကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးလျက်ရှိသည်။