တိုင်းရင်းသားများ ညီလာခံတခုကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က လာမည့် ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၁ ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ပဒို ဒေးဗစ်သာကဘော က ပြောဆိုလိုက်သည်။
ပြည်တွင်း ပြည်ပ တိုင်းရင်းသား နိုင်ငံရေးပါတီများအား ဖိတ်ကြားထားကာ အဓိကအားဖြင့် ဖက်ဒရယ် ပြည်ထောင်စုအရေး၊ ဖွ့ံဖြိုးရေးလုပ်ငန်း ကိစ္စများအပြင် အချက် ၈ ချက်ခန့် ဆွေးနွေးသွားရန် ရှိသည်ဟု ၎င်းက မဇ္စျိမကို ပြောသည်။
“ဖိတ်ထားတာတော့ အများကြီးပဲ။ ပြည်တွင်းက နိုင်ငံရေးပါတီတွေကိုလည်း ဖိတ်တယ်။ အဓိကတော့ အကြမ်းအားဖြင့် အချက် ၈ ချက်လောက်တော့ ရှိတယ်။ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စတို့၊ ထောက်ပံ့မှု ကိစ္စ အဲဒါတွေပေါ့ဗျာ။ အပစ်အခတ် ရပ်စဲရေးတွေပါမယ်” ဟု ဆိုသည်။
ဆက်လက်၍လည်း “ကျနော်တို့ရဲ့ နိုင်ငံရေးမူဘောင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံရေး မူဘောင်ချီတက်မယ့် အဲဒါရဲ့ တစိတ်တပိုင်း ဖြစ်တယ်။ ကျနော်တို့ ကြီးကြီးကျယ်ကျယ်တော့ မလုပ်နိုင်ဘူး။ ဒါပေမယ့် တတ်နိုင်သလောက် လုပ်ကြမယ်” ဟု ပြောသည်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း ပထမအကြိမ် တိုင်းရင်းသား ညီလာခံကို ချင်းမိုင်မြို့တွင် ကျင်းပခဲ့ပြီး တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းကာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်၊ ပင်လုံစိတ်ဓါတ်ကို အခြေခံသော ပြည်ထောင်စု ညီလာခံကြီး တရပ် ကျင်းပသွားရန်တို့ အပါအဝင် အချက် ၆ ချက်ကို သဘောတူညီခဲ့ခြင်း ဖြစ်သည်။
UNFC သည် နိုင်ငံရေးဆွေးနွေး ပွဲတစ်ရပ် ပြုလုပ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ၏ နည်းပညာ အထောက်အကူပြုအဖွဲ့Technical Teamများ ၏ အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ဇူလိုင်လ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နောက်ဆုံး တွေ့ဆုံခဲ့သည်။