ဒေါ်ဘောက်ဂျာ အမှု ရုံးချိန်း ထပ်ပေးလိုက်၊ အာမခံ မလျှောက်သေး

ဒေါ်ဘောက်ဂျာ အမှု ရုံးချိန်း ထပ်ပေးလိုက်၊ အာမခံ မလျှောက်သေး
by -
မဇ္ဈိမ

အမျိုးသားဒိမိုကရေစီအင်အားစု (NDF) ပါတီ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ၏ ပထမဆုံးအကြိမ် ရုံးချိန်းတွင် အမှုတွဲများကိုသာ ဖတ်ပြပြီး လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ထပ်မံရုံးချိန်းပေးလိုက် သည်ဟု ဖားကန့်မြို့နယ် NDF ဥက္ကဋ္ဌ ဦးသန်းဦး က ပြောသည်။

လူသေစေမှု၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်းကိုင်ဆောင်မှု၊ လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်ထားမှုတို့ဖြင့် စွဲဆိုထားသည့် အမှုကို ယနေ့ ဖားကန့်မြို့နယ်တရားသူကြီးက ဖတ်ပြ၍ ထိုသို့ ရုံးချိန်းပေးလိုက်ခြင်း ဖြစ်သည်။

“ဒီနေ့က ဘာမှ မစစ်ဆေးဘူး။ အမှုတွဲ ဖတ်ပြပြီးတော့ ဒီလ ၃၁ ရက်နေ့ ရုံးချိန်း သတ်မှတ်ပေးလိုက်ပါတယ်။ ဒေါ်ဘောက်ဂျာက တရားရုံးမှာ သူ့ကိုစွဲထားတဲ့ ပုဒ်မ အမှုဖိုင်တွဲကို မိတ္တူကူးခွင့်ပြုဖို့လျှောက်လွာတင်းခိုင်း တယ်။ အာမခံရဖို့ ရှေ့နေရောက်မှ အာမခံ လျှောက်မယ်ဆိုတာပဲ ပြောတယ်” ဟု ဦးသန်းဦးက မဇ္စျိမကို ပြောသည်။

ယနေ့ ရုံးချိန်းသို့ ရောက်ရှိလာသော ဒေါ်ဘောက်ဂျာသည် ကျန်းမာရေး ကောင်းမွန်နေကြောင်း ၎င်းက ဆက်ပြောသည်။၂၀၀၉ ကတည်းက ဒေါ်ဘောက်ဂျာကို ဖားကန့်မြို့နယ် ကျေးရွာ ဒေသခံတစ်ဦးအား ဆေးကုသပေးနေစဉ် သေဆုံးခဲ့သည်ဟု စွပ်စွဲကာ တရားစွဲဆိုခြင်းဟု ကားမိုင်းမြို့နယ်မှ ဒေသခံ တဦးနှင့် ကားမိုင်းရဲအုပ် နှစ်ဦးတို့က တရားလိုအဖြစ်ပြုလုပ်ပြီး တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဒေါ်ဘောက်ဂျာအား အစိုးရက မကြာခဏ ဖမ်းဆီးမည်ဆိုသော သတင်းများပေးကာ သတိနှင့် ရှောင်တိမ်းနေရမှုများ မကြာခဏ ရှိခဲ့သော်လည်း ယခုတချိန်မှာမူ ဖမ်းဝရန်းထုတ်ခြင်း မရှိဘဲ မြစ်ကြီးနားမြို့ နေအိမ်မှ ရဲတပ်ဖွဲ့များက ယခုလ ၁၈ ရက်နေ့ညနေပိုင်းက လာရောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ဘောက်ဂျာသည် သူ၏ ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အငြိမ်းစား ဗိုလ်ချုပ်ဟောင်း သမဝါယမဝန်ကြီး ဦးအုန်းမြင့်ကို မဲလိမ်သည်ဟု နေပြည်တော်ရွေးကောက်ပွဲ ခုံရုံးသို့ တိုင်းတန်းခဲ့ပြီးနောက် အမှုကို နှစ်ဘက် ကြေအေးမှု ယူကာ ပြန်လည် ရုပ်သိမ်းခဲ့သည်။

ဒေါ်ဘောက်ဂျာမှာ ဖားကန့်မြို့နယ်အတွင်းရှိ တောင်သူများ၏ လယ်မြေများအား ယုဇနကုမ္ပဏီမှ သိမ်းယူထားမှုကို ကုမ္ပဏီအား တရားစွဲဆိုရာတွင် တောင်သူများဘက်မှ ကူညီပေးခဲ့သူ တဦးလည်း ဖြစ်သည်။

၂၀၁၂ ခုနှစ်ကလည်း အမေရိကန်အခြေစိုက် NED အဖွဲ့၏ ဖိတ်ကြားချက်ဖြင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိလာပြီး အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်နှင့် တွေ့ဆုံ၍ ကချင်ပြည်နယ် အရေးများကို ရှင်းလင်းဆွေးနွေးခဲ့ဖူးသည်။