မြန်မာနိုင်ငံသို့ တရားမဝင်တင်သွင်းသည့် လိုင်စင်မဲ့ကားများကို နယ်စပ်ဂိတ်များမှ စစ်ဆေးခဲ့ရာ ၂၀ဝ၅ ခုနှစ်မှ စတင်ပြီးခုနစ်နှစ်အတွင်း ကားအစီးရေ ၆၀ဝ ခန့် ဖမ်းမိခဲ့ကြောင်း စီးပွားကူးသန်း ဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဇူလိုင် ၂၃ ရက်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
အဆိုပါကားများ၏ ခန့်မှန်းတန်ဖိုး စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၁၈၀ဝဝ ခန့်ရှိသည်ဟုလည်း ဒုဝန်ကြီးက ဆက်ပြောသည်။
ထိုတရားမဝင်မော်တော်ယာဉ်များကို ကုမ္ပဏီများနှင့် ဆက်သွယ်ပြီး အရစ်ကျဝယ်ယူနိုင်ရန် အရောင်းပြခန်းများ ဖွင့်လှစ်ပေးမည်ဟုလည်း ဝန်ကြီးက လွှတ်တော်တွင် ကတိပြုခဲ့သေးသည်။
တရားမဝင်တင်သွင်းသည့်ကားများကို နယ်စပ်စစ်ဆေးရေးဂိတ် ခုနစ်ခုမှ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး မရမ်းချောင် ကန့်သတ်ကုန်ပစ္စည်း စစ်ဆေးရေးစခန်းမှ အများဆုံး ဖမ်းဆီးရရှိခဲ့ပြီး စုစုပေါင်းကားစီးရေ ၂၆၀ ကျော်ပင်ရှိသည်ဟု ဒုဝန်ကြီးဒေါက်တာပွင့်ဆန်း က ပြောသည်။
ပြည်တွင်းသို့ ဝင်ရောက်လာသော လိုင်စင်မဲ့ကားများမှာ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာခြင်းကို သိရှိခြင်း ရှိမရှိ နှင့် သိရှိပါက နယ်စပ်ဂိတ်များရှိဝန်ထမ်းများကို မည်သို့ညွှန်ကြားထားသည်ကို သိလိုကြောင်း တနင်္သာရီတိုင်းမှ အထက်လွှတ်တော်အမတ် ဦးတိုးဝင်းကမေးသဖြင့် ဒုဝန်ကြီးက လွှတ်တော်တွင် ယခုလိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“လိုင်စင်မဲ့ကားများ ဒီလိုဝင်ရောက်လာခြင်းမှာ နယ်စပ်ဂိတ်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအဖွဲ့အစည်းများနှင့် ညှိနှိုင်းခွင့်ပြုခြင်းဖြင့်သာ ဝင်ရောက်လာတယ်လို့ ယူဆပါတယ််” ဟု အထက်လွှတ်တော်အမတ် ဦးတိုးဝင်းက လွှတ်တော်တွင်း၌ ဝေဖန်ခဲ့သေးသည်။
ယခုလက်ရှိအချိန်ထိ တရားဝင်ဖွင့်လှစ်ထားသည့် နယ်စပ်စခန်းအရေအတွက်မှာ ၁၅ ခုသာရှိပြီး တရားမဝင် ဝင်လာနိုင်သည့် လမ်းကြောင်းမှာ စုစုပေါင်း ၄၀ ရှိသည်ဟု စီးပွားကူးသန်းဒုဝန်ကြီးက အမတ်များကို ပြောကြားခဲ့သည်။
ယင်းအပြင် လုံခြံုရေးအားနည်းမှုကြောင့် လည်းကောင်း၊ ကျေးရွာချင်းဆက်လမ်းများကိုသုံး၍ လည်းကောင်း၊ မြစ်ချောင်းများတွင် ဖောင်များဖြင့် ဖြတ်သန်းခြင်းကြောင့် လည်းကောင်း တရားမဝင်ကားများရောက်ရှိနေခြင်း ဖြစ် သည်ဟုလည်း သူက ဆက်ရှင်းပြခဲ့သည်။
လိုင်စင်မဲ့ယာဉ်များ စီးနင်းပါက အရေးယူမည်ဖြစ်ကြောင်း ယခုနှစ် မေလမှစတင်၍ ရုပ်သံလိုင်းများတွင် အသိပေးကြေညာခဲ့သည်