နိုင်ငံရေးအကျဉ်းသား ၆၈ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ

နိုင်ငံရေးအကျဉ်းသား ၆၈ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
by -
မဇ္ဈိမ

အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ရ၃ ဦးကို ဇူလိုင်လ ၂၃ ရက်တွင် ပြန်လည်လွှတ်ပေးလိုက်ရာ နိုင်ငံရေးအကျဉ်းသား ၆၈ ဦး ပါဝင်ပြီး မန္တလေးထောင်တွင် တစ်သက်တစ်ကျွန်းကျခံနေရသည့် ရှမ်းပြည်တပ်မတော်၏ တပ်ဖွဲ့ဝင်ငါးဦးလည်း ပြန်လည်လွတ်မြောက်လာသည်။

တစ်ကျွန်းကျခံ SSA တပ်ဖွဲ့ဝင် ငါးဦးပါဝင်

အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ရ၃ ဦးကို ဇူလိုင်လ ၂၃ ရက်တွင် ပြန်လည်လွှတ်ပေးလိုက်ရာ နိုင်ငံရေးအကျဉ်းသား ၆၈ ဦး ပါဝင်ပြီး မန္တလေးထောင်တွင် တစ်သက်တစ်ကျွန်းကျခံနေရသည့် ရှမ်းပြည်တပ်မတော်၏ တပ်ဖွဲ့ဝင်ငါးဦးလည်း ပြန်လည်လွတ်မြောက်လာသည်။

မန္တလေး အိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ရှစ်ဦးအနက် တစ်သက်တစ်ကျွန်း ကျခံနေရသည့် ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင် အိုက်မွန်၊ ဟိန်းဇော်၊ လှမြင့်၊ စိုင်းတိ၊ စိုင်းအွန် တို့အပြင် ထောင်ဒဏ် ၄၂ နှစ် ကျခံနေရသည့် စိုင်းအိုက်ညွန့်လည်းပြန်လည်လွတ်မြောက်လာ ခဲ့သည်။

ကျန်နှစ်ဦးမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ တပ်သားများဖြစ်သည့် ဇော်ဒွဲနှင့် မောင်ကျော်တို့ဖြစ်သည်။ သူတို့သည်ထောင်ဒဏ် ခြောက်နှစ်စီ ကျခံနေရသူများဖြစ်သည်။ အဆိုပါ မန္တလေးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၄၄ ဦး ကျန်ရှိနေသေးသည်ဟုလည်း နိုင်ငံရေးအကျဉ်းသား လူမှုကူညီရေးကွန်ရက် တာဝန်ခံ ဦးကိုလေးက ပြောသည်။

အကျဉ်းသား ရ၃ ဦးတွင် ၆၈ ဦးသည် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြပြီးကျန်ရှနိုင်ငံရေးအကျဉ်းသားများကို လည်း ပြန်လည်လွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင် ဦးသက်ဦးက တောင်းဆိုလိုက်သည်။

“အခုလွတ်လာတဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသားမဟုတ်တာတွေ ပါတယ်၊ ကျန်လည်း ကျန်နေသေးတယ်၊ ဖြစ်နိုင်ရင်အကုန်လုံးကို လွှတ်ပေးစေချင်တာ၊ အင်းစိန်ထောင်မှာဆိုရင် လွတ်လာတဲ့ခြောက်ဦးထဲမှာ နိုင်ငံရေးအကျဉ်းသားက ဦးမရန်နော်ဆိုင်းတစ်ယောက်ပဲပါလာတယ်”ဟု မဇ္ဈိမကိုပြောသည်။

အင်းစိန်ထောင်၏ လွတ်မြောက်မှုတွင် ခြောက်ဦးဖြစ်ပြီး ဦးမရန်နော်ဆိုင်း တစ်ဦးတည်းသာပါဝင်မှုကို ဦးသက်ဦးကညွှန်းဆိုပြောခြင်းဖြစ်သည်။ ဦးမရန်နော်ဆိုင်းသည် မတရားသင်းဆက်သွယ်မှုဖြင့်ဖမ်းဆီးခံ ခဲ့ရခြင်းဖြစ်သည်။

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦး ကျန်ရှိနေသေးသည်ဟု ဦးမရန်နော်ဆိုင်းကဆိုပြီး “ဒီနှစ်ကုန်မှာနိုင်ကျဉ်းတွေအကုန်လုံး လွှတ်မယ်ဆိုတဲ့စကားကိုတော့ ယုံကြည်တယ်။ ယုံကြည်ချင်တယ်ပေါ့နော်။ သူတို့ရဲ့စိတ်ထဲကို ကိုယ်ဝင်ကြည့်လို့ မရဘူးလေ” ဟု မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားထောင်မှလည်း လွတ်မြောက်သူ ၁၃ ဦးရှိပြီး ဦးလထော်ဘရန်ရှောင်လည်း ပါဝင်သည်။

“အရမ်းဝမ်းသာပါတယ်။ ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုတဲ့အပေါ် မျှော်လင့်ထားပါတယ်” ဟု ဦးလထော်ဘရန်ရှောင်က ပြောသည်။

သူသည် မတရားသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။

ကချင်ပြည်နယ်တွင်းရှိ အကျဉ်းထောင်များဖြစ်သော ဗန်းမော်၊ မြစ်ကြီးနား၊ ပူတာအိုစသည့် အကျဉ်းထောင်များမှ စုစုပေါင်း ၂၇ ဦး ပြန်လွတ်မြောက်လာပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးသည့် နှစ်များအတွင်း ယခုကဲ့သို့ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုမှာ ၁၀ ကြိမ်မြောက်ဖြစ်ပြီး ယခုအကြိမ်သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးသမားများ အများဆုံး လွတ်မြောက်ပေးခြင်းဖြစ်သော်လည်း ရှမ်းပြည်နယ်တွင်းရှိ ထောင်များမှ လွတ်မြောက်လာသူများမရှိဘဲ ကျန်ရှိနေသူများမှာလည်း ၁၀ဝ ကျော်ခန့် ရှိနေသေးသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရဲအောင်က ဆိုသည်။

နိုင်ကျဉ်းလွတ်မြောက်ရေး

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အား အကြမ်းဖျင်း စာရင်းကောက်ယူမှုဖြင့် တစ်နိုင်ငံလုံးရှိ ထောင် ၂၃ ထောင်မှ မလွတ်သေးသည့် နိုင်ငံရေးအကျဉ်းသား ၂၀ဝ ကျော်ခန့်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ နိုင်ငံရေးအကျဉ်းသား ဟုတ်မဟုတ် ပြန်လည်စိစစ်ရန် စီစဉ်ခဲ့ကြသည်။ ထိုကဲ့သို့လုပ်ဆောင်မှုများရှိခဲ့သော် လည်း အကျဉ်းထောင်များအတွင်း သို့ ဝင်ရောက်စစ်ဆေးရန်နှင့် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားတို့ကို စီရင်ချက်ချမှတ်ထားသည့် တရားရုံးချုပ်မှ မှတ်တမ်းတောင်းခြင်းတို့ကို အာဏာပိုင်များထံမှ တောင်းခံရာတွင် နှောင့်နှေးမှုများရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများအရေး ဆောင်ရွက်ပေးနေသူများက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ၏ စာရင်းများအရ ၂၀၁၃ ခုနှစ် မေလအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၁၈၃ ဦး ရှိနေခဲ့သည်။