လော်စစ်ဟန်နှင့် သူ့ကကွက်များ

လော်စစ်ဟန်နှင့် သူ့ကကွက်များ
by -
မဇ္ဈိမ

ဘိန်းဘုရင်ဟု နာမည်ကြီးခဲ့သော ကိုးကန့်လော်စစ်ဟန် ဇူလိုင် ၆ ရက်က ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သည်။

ဤသတင်း ထွက်ပေါ်လာသောအခါ ရန်ကုန်မီဒီယာလောက လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည်။ ရှေ့မီနောက် မီ လူကြီးပိုင်းက လော်စစ်ဟန်ကို သိသူများ၍ စိတ်ဝင်တစား ပြောကြ ဆိုကြသည်။ နောက်ပေါက်များက မသိကြ၍ မေးကြမြန်းကြသည်။ မသိတသိ အသက် ၅၀ အောက်ရှိသူများက ဘိန်းဘုရင်ကို ခွန်ဆာဟုသာ အသိများကြသည်။

သို့ဖြစ်၍ အသက် ရ၀ ၀န်းကျင်ရှိသူများကို မေးကြမြန်းကြသည်။ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု၊ ဘိန်းချက်မှု၊ ဟီးရိုးအင်းပေါ်ပေါက်မှု၊ မက်သာဖတ်တမင်းနှင့် ရာဘမူးယစ်ဆေးဝါးများထုတ်လုပ်၊ ဖြန့်ဖြူးမှု လုပ်ငန်းများသည် ကမ္ဘာချဉ်အောင် ကျော်ကြား၏။ ထို့ကြောင့် မြန်မာပြည်တွင်းကရော၊ ကမ္ဘာအနှံ့ပါ လူသိများ၏ အမေရိကန်နှင့် ကမ္ဘာ့ကုလသမဂ္ဂတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘိန်းတိုက်ဖျက်ရေး ဆင်နွှဲရသည်အထိ မြန်မာအအစိုးရ ဆောင်ရွက်ရသည်။ ဘိန်းစိုက် ပျိုးမှု ပပျောက်ရေး ကြိုးစားချက်သည် အောင်မြင်သင့်သလောက် အောင်မြင်၏။ ရန်ကုန်မြို့ ဟံသာဝတီ အဝိုင်းအနီးရှိ မူယစ်ဆေးဝါး ပပျောက်ရေး ပြတိုက် တွင် မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု အကြောင်းနှင့် ဘိန်းပပျောက်ရေးဆင်နွှဲပုံ အဆင့်ဆင့်ကို ပြသထားသည်။ ကျောင်းသားလူငယ်များကိုလည်း မကြာခဏ သွားရောက်လေ့လာစေလျက် ရှိသည်။

မြန််မာနို်င်ငံတွင် ဘိန်းပင်ခေါ် ပေါ်ပီပင်များ အကြီးအကျယ်စိုက်ပျိုး၍ ဘိန်းထုတ်လုပ်ခဲ့သော နယ်မြေကို ရွှေကြိဂံနယ်မြေဟု အမည် ပေးခံရသည်။

Golden Triangle ရွှေတြိဂံနယ်မြေဟူသော အမည်ကို ထိုင်းနိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများက ယင်းတို့နယ်စပ်ကို လူသိများပြီး ခရီးသွားလုပ်ငန်း တွင် ကျယ်စေရန် စတင် အမည်တွင်စေခြင်း ဖြစ်သည်။ Ruak မြစ်နှင့် Mekong မြစ်တို့ဆုံရာ ထိုင်း၊ လာအို မြန်မာနို်င်ငံတို့၏ နယ်စပ်ချင်းထိတွေ့သည့် ကြိဂံနယ်မြေကို ရွှေတြိဂံနယ်မြေဟုခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။

အမှန်စင်စစ် Golden Triangle ဆိုသည့် ဘိန်းထွက်ရာနှင့် ဘိန်းမှောင်ခိုကူးသန်းရောင်းဝယ်ရေး ဒေသကြီးတစ်ခုလုံးကိုလည်း အသိအမှတ်ပြုချက် ရှိသည်။ ထိုနယ်မြေကြီးမှာ ဧရိယာ အကျယ်အဝန်းအားဖြင့် ၃၆၇,၀၀၀ စတုရန်းမိုင် ရှိသည်။ မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းစသော နို်င်ငံလေးနိုင်ငံရှိ တောင်တန်း ဒေသများကို ဖုံးလွှမ်းဖြတ်ကျော် တည်ရှိလေသည်။

ထိုရွှေတြိဂံနယ်မြေကြီးတွင် ၁၉၂၀ ပြည့် နှစ်များကတည်းက အာရှနှင့်ကမ္ဘာတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အထူပြောဆုံးနေရာ အဖြစ် ပေါ်ပေါက်ခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ Golden Crescent နယ်မြေနှင့် အတူ ကမ္ဘာပေါ်တွင် ဘိန်းအစိုက်ဆုံး နေရာများအဖြစ် ကျော်ကြားသည်။ ၂၁ ရာစုနှစ် စောစောပိုင်း အထိ အာဖဂန်နစ္စတန်သည် ကမ္ဘာ့ ဟီးရိုးအင်းဘိန်းဖြူ အထွက်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး နောက်ပိုင်းရွှေတြိဂံနယ်မြေက ကျော်တက်ခဲ့သည်။

မြန်မာနိုင်ငံ၏ ရွှေကြိဂံနယ်မြေကမူ အာဖဂန်ပြီးလျှင် ဒုတိယအများဆုံး တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်ရာ နေရာဖြစ်လာပြီး ဒုတိယ ကမ္ဘာစစ်အပြီးတွင် ပိုမိုတိုးပွားလာခဲ့သည်။ မြန်မာနို်င်ငံ၏ ဘိန်းစိုက်ပျိုးရေးသမိုင်းကို ကြည့်ပါက ဗြိတိသျှတို့ အုပ်စိုးစဉ် ကိုလိုနီဘဝက စခဲ့ခြင်း ဖြစ်သည်။ ဗြိတိသျှတို့သည် တရုတ်ပြည်ကြီးကို ဘိန်းစစ်ပွဲဆင်နွှဲပြီး တရုတ်လူမျိုး အများအပြား မြန်မာနိုင်ငံတွင်းသို့ တံခါးမရှိဓါးမရှိ ၀င်ရောက်ခဲ့သည်။ ဤတွင် တရုတ်ဘိန်းစားများသာမက ဘိန်းရောင်းဝယ်သမားများ၊ ဘိန်းရှူခန်းများ ပေါ်ပေါက်ခဲ့သည်။ ဗြိတိသျှအစိုးရက ဘိန်းခန်းဖွင့်ခွင့်လိုင်စင်ပင် ထုတ်ပေးခဲ့သည်။

တရုတ်ပြည် ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ထိစပ်နေသည်။ မြန်မာဘက်သို့ ဘိန်း စိုုက်ပျိုးမှုချဲ့ထွင်ရာတွင် ကိုးကန့်နှင့် ၀ဒေသများတွင် ဘိန်းခင်းများ လွှမ်းခဲ့သည်။ ယခင်က ကျူကုတ်ဝမ်တိန် နယ်စပ်မြို့များသည် ဘိန်းမှောင်ခိုကုန်ကူးရာ လမ်းကြောင်းများ ဖြစ်ခဲ့ သည်။ ယနေ့လူသိများသော ဘိန်းဘုရင် လော်စစ်ဟန်သည် ၁၉၃၅ ခုနှစ်မှ မွေးဖွားသူ ဖြစ်သည်။ သူမမွေးခင်က ၁၉၂၀ ပြည့်လွန်နှစ်များတွင် မြန်မာ တရုတ်နယ်စပ်များတွင် ဘိန်းများစတင် စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

ထိုခေတ်က လူသိများသော မူလဘိန်းဘုရင်မှာ မစ္စတာယန်းဟု ဆိုသည်။ လော်စစ်ဟန် လူငယ်ဘဝကတည်းက မစ္စတာယန်း၏ တပည့် ဖြစ်ခဲ့သည်။ သူသည် ကိုးကန့်နွယ်ဖွား ဖြစ်သည်။ သူ့ဇနီး ကျန်ရှောင်ဝမ်သည် တရုတ်လူမျိုးဖြစ်သည်။ သူ့သားသမီး ခြောက်ဦးများအနက် တစ်ဦးက စင်ကာပူတွင် တစ်ဦးက ထိုင်းနှင့် တစ်ဦးက ထိုင်ဝမ်တွင် တစ်ဦးက မြန်မာနိုင်ငံတွင် စသဖြင့် အခြေချ လုုပ်ကိုင်လျက် ရှိကြသည်။ မြန်မာနိုင်ငံတွင် လော်စစ်ဟန်သည် နိုင်ငံ၏ ထိိပ်ဆုံး စီးပွားရေးလုပ်ငန်းဖြစ်သည့် Asia World  ကုမ္ပဏီ ကြီးတည်ထောင်၍ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ သူ့သား Steven Law ခေါ် ဦးထွန်းမြင့်နို်င်က စီအီးအို(အယ်ဒီ) အဖြစ် ဦးစီးလုပ်ကိုင်လျက်ရှိသည်။

လော်စစ်ဟန်ကို တရုတ်နာမည်နှင့် အသံထွက်ပါက လိုရှင်ဟန်ဟူသော အသံက ပို၍ နီးစပ်သည်။ သူ့ကို ၁၉၃၅ ခုနှစ်တွင် မွေးဖွားသည်။ သူ့ဆရာ မစ္စတာယန်းတွင် သားနှစ်ယောက် သမီးတစ်ယောက် ရှိသည်။ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ကုန်းမြင့်ပေါ်က ခြံကြီးတိုက်ကြီးတွင် နေထိုင်ကြပြီး ဆေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်များ၌ ပညာသင်ကာ ဘွဲ့အသီးသီး ရကြသည်။ သားအကြီးဆုံးက ဆရာဝန်ဖြစ်သည်။ အနောက်တိုင်းနိုင်ငံကြီးများသိုု့ သွားရောက်နေထိုင် အခြေချသဖြင့် ဖခင်၏ အရိုက်အရာ၊ အလုပ်အကိုင်များကို လက်ရုံးတပည့်ဖြစ်သည့် လော်စစ်ဟန်က ဆက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဗကပ အလံဖြူကွန်မြူနစ်ပါတီ တောခိုပြီးနောက် ပဲခူးရိုးမတွင် အခြေစိုက်ကာ ထကြွခဲ့သည်။ ပဲခူးရိုးမတွင် တပ်မတော်က ဖြိုခွင်းနိုင်သော အခါ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းသို့ ပြောင်းရွှေ့လျက် ၀တိုင်းရင်းသားများနှင့် ပူးပေါင်းကာ ခြေကုတ်ယူခဲ့သည်။ ထိုဒေသမှ ကွန်မြူနှစ်တို့ကို နှိမ်နင်းသောအခါ ဦးနေဝင်းလက်ထက်က စီမံချက်အရ နယ်မြေခံ တိုင်းရင်းသားများကို ပြည်သူ့စစ်အသွင်နှင့် ပူးပေါင်းခဲ့သည်။ ထိုအခါ နောက်လိုက်လက်နက်ကိုင် အင်အားအသင့်အတင့်ရှိသော ဘိန်းဘုရင် လော်စစ်ဟန်ကို ကာကွယ်ရေး ခေါင်းဆောင်အဖြစ် ခန့်အပ်သည်။ ကွန်မြူနစ်များကို တိုက်ခိုက်ရာတွင် လော်စစ်ဟန်၏ အကူအညီ ရရှိသည်။ ၁၉၈၉ ခုနှစ်တွင် ကိုးကန့်နှင့် ၀ သောင်းကျန်းသူအဖွဲ့များက ကွန်မြူနစ်တို့ ခေါင်းဆောင်မှုကို တွန်းလှန်ခဲ့သည်။ စစ်အစိုးရကို ကူညီမှုကြောင့် မျက်နှာသာပေးခြင်း ခံခဲ့ရသည်။

ထိုဖြစ်ရပ်မတိုင်မီ ၁၉၇၃ ခုနှစ်က ဘိန်းဘုရင်အဖြစ် နာမည်ဆိုးတွင်နေသော လော်စစ်ဟန်ကို SSA နှင့် ပူပေါင်းသည့်အချက် အပါအဝင် ပြစ်မှုရှိသည်ဆိုကာ ထိုင်းနိုင်ငံဘက်က ဖမ်းဆီးပြီး မြန်မာအစိုးရသိုု့ လွှဲပေးသည်။ သူ့ကိုသေဒဏ်နှင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ််ချမှတ်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ် ဦးနေဝင်း၏ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အခါ လော်စစ်ဟန်ထောင်က လွတ်ခဲ့သည်။

ထို့နောက်ပိုင်း အစိုးရနှင့် ပူပေါင်းလာသည့်အတွက်နှင့် အပစ်အခတ်ရပ်စဲရေးတွင် တမန်ကိုယ်စားလှယ်အဖြစ်
စေ့စပ်ပေးနိုင်၍ စစ်အစိုးရက စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် အထူးအခွင့်အရေး ပေးခဲ့သည်။ အေးရှားဝါးလ် ကုမ္ပဏီတည်ထောင်ကာ လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ခွင့်ရပြီး မြန်မာနိုင်ငံ၏ ထိပ်ဆုံး စီးပွားရေးလုပ်ငန်းရှင်အဖြစ်ရောက်ရှိခဲ့သည်။

လော်စစ်ဟန်ကို မူးယစ်ဆေးဝါးမှောင်ခိုရေးတွင်လည်း မျက်နှာသာပေးခဲ့သည်။ သူသည် ၁၅ နှစ်ကျော် ဆုံးရှုံးခဲ့သည့် မူးယစ်ဆေးဝါး အင်ပိုင်ယာကို ပြန်လည်ကြိုးကိုင်ပြီး သူမရှိစဉ် နေရာယူကြီးစိုးခဲ့သည့် ပြိုင်ဖက် ခွန်ဆာကို လွှမ်းမိုး၍ အစီအစဉ်ချ ဆောင်ရွက်သည်။ တစ်နှစ်အတွင်း ကိုင်းကန့်ဒေသ၌ ဘိန်းဖြူချက် စက်ရုံ(၁၇)ခု တိုးချဲ့ တည်ထောင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် Asia World Company ကို စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ကိုးကန့်နှင့် ၀ ဒေသတို့တွင် ဘိန်းစိုက်ပျိုးမှု ဆန့်ကျင့်ရေး လှုပ်ရှားမှုများ အဆင့်မြှင့် ဆောင်ရွက်ခဲ့သည်။ ယခု လော်စစ်ဟန် ကွန်လွန်ချိန်တွင် Asia World Company သည် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းပြီးနောက်၊ လုပ်ငန်းများ တိုးတက်မှု ကျဆင်းနေချိန် ဖြစ်သည်။

Most read this week