၆၆ နှစ်မြောက် အာဇာနည်နေ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

၆၆ နှစ်မြောက် အာဇာနည်နေ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော
by -
မဇ္ဈိမ

(၆၆) နှစ်မြောက် အာဇာနည်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ခေါင်းဆောင်များ အသက်စွန့်သွားပုံကို အဖွဲ့ချုပ်ရုံးခန်းတွင် မိန့်ခွန်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင် ယမန်နေ့နေ့လည် ၁ နာရီ ခွဲက  ပြည်သူလူထုနှင့် ပါတီဝင်များကို မိနစ် ၂၀ ခန့် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်မတို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ လုပ်ဆောင်ချက်ဟာ ကျွန်မတို့နိုင်ငံအတွက် ကမ္ဘာတည်သရွှေ့ ဂုဏ်ယူစရာ၊ အတုယူစရာ ဖြစ်ရတဲ့ အကြောင်းခံကတော့ ထိုပုဂ္ဂိုလ်များရဲ့ သတ္တိဟာ မေတ္တာကို အခြေခံလို့ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူ အပေါ်ထားတဲ့ မေတ္တာ၊ စေတနာကြောင့်သာ အန္တရာယ်များတဲ့ လုပ်ငန်းတွေကို စွန့်စားဆောင်ရွက်သွားကြတာပါ။"ဟု ပြောကြားလိုက်သည်။

သူမက ဆက်လက်၍ "နိုင်ငံနဲ့ အများပြည်သူအတွက် လုံလုံလောက်လောက် မစဉ်းစားခဲ့ဘဲ နိုင်ငံရေးထဲကို အကြမ်းဖက်၊ မသမာတဲ့ နည်းလမ်းတွေဆွဲထည့်မှုကြောင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ကြရပါတယ်။" ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ထို့အပြင် NLD ပါတီက အချက် ငါးချက်ပါသော ထုတ်ပြန်ချက်တစ်ဆောင်ကို ထုတ်ပြန်ခဲ့သေးသည်။

ထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရခြင်းသည် ၎င်းတို့၏ မိသားစုများအတွက်သာမက မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မိသားစုအားလည်းအတွက် ၊ ဘဝတူ အမျိုးသား လွတ်လပ်ရေးတိုက်ပွဲဝင် အာရှတစ်လွှားမှ မိသားစုများအတွက်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ရရှိရေး ရုန်းကန်တိုက်ပွဲဝင်နေသော ကမ္ဘာ့မိသားစုအတွက် တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီး ဖြစ်ကြောင်း ဆိုထားသည်။