၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရန် တိုင်းရင်းသား လက်နက်ကိုင်များ စုစည်းကာ ညီလာခံတစ်ရပ်ကျင်း ပမည်ဟု ကယန်းပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်ကြီးစောလွင်က မဇ္ဈိမကို ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်သားများ၏ အခန်းကဏ္ဍများစွာ ပါဝင်နေပြီး အရပ်သားများဘက်မှ လုပ်ပိုင်ခွင့်များပျောက်ဆုံးနေခြင်းကြောင့် ယင်းသို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ဗိုလ်ကြီးစောလွင်က “လွှတ်တော်တွင်းမှာ ဒီဖွဲ့စည်းပုံကို ပြင်ဖို့ဆိုတာကလည်း အဟန့်အတားတွေ အများကြီးရှိနေတယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ စုပြီး ပြင်ပမှာ ဖွဲ့စည်းပုံအတွက် ဝိုင်းပြီးဆွေးနွေးမယ်၊ ဘယ်လိုအချက်တွေ ပါသင့်တယ်ဆိုတာ၊ အဲ့ဒီ့မှာ လွှတ်တော်တွင်း ကိုယ်စားလှယ်တွေ၊ ပါဝင်သင့်တဲ့သူတွေ အကုန်လုံးကို ဆွေးနွေးဖို့ ခေါ်မှာပါ” ဟု ဆိုသည်။
ကယန်းပြည်သစ်ပါတီမှ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ဆွေးနွေး ပွဲများပြုလုပ်ခဲ့ပြီး နိုင်ငံရေးတွင် တပ်မတော်သားများ များစွာ ပါဝင်နေခြင်းကို ကန့်ကွက်ကြောင်းကို ပထမဆုံး အနေဖြင့် သဘောတူညီခဲ့ကြသည်ဟုလည်း ဆိုသည်။ ယင်းအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဝန်ကြီးချုပ်များအား လုပ်ပိုင်ခွင့်အပြည့်အဝပေးရန် လိုအပ်သည်ဟုလည်း ယင်းဆွေးနွေးပွဲများတွင် သဘောတူညီချက်များ ရရှိခဲ့သည်ဟု ဆိုသည်။
“ကျနော်တို့လိုချင်တာ ဒီလို ဒီမိုကရေစီမဟုတ်ပါဘူး၊ အခုက ဘာမှ မပြောင်းလဲတဲ့ ဒီမိုကရေစီပါ။တိုင်းရင်းသား တွေအတွက် အဓိကလိုအပ်တာက ဖက်ဒရယ် ပြည်ထောင်စုစနစ်ပါ။ မြန်မာနိုင်ငံမှာသာ ဖက်ဒရယ်စနစ်ပေါ် ပေါက်လာမယ်ဆိုရင် ကျနော်တို့ရဲ့ လက်နက်ကိုင်တွေကို ကာကွယ်ရေးတပ်အောက်ကို ပေးမှာပါ” ဟုလည်း ဗိုလ်ကြီးစောလွင်က ပြောသည်။
ဖက်ဒရယ်ပြည်ထောင်စုစနစ်အား ဦးတည်ရန် ၂၀ဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံနှင့် ပတ်သတ်၍ ပြင်ဆင်ရန်လိုအပ် နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အချို့အရ လွှတ်တော်တွင်းပြင်ဆင်ရန် ဟန့်တားချက်များဖြစ် နေသည်ဟုလည်း ၎င်းကဆိုသည်။
ဗိုလ်ကြီးစောလွင်က “ညီလာခံအတွက် နောက်ပြည်နယ်တွေကို ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ စီစဉ်ထားတာတွေလည်း ရှိပါတယ်၊ ကယန်းပြည်သစ်ပါတီကနေပဲ ငြိမ်းချမ်းရေးဖြစ်မြောက်ရေးအဖွဲ့တစ်ဖွဲ့ ရှိပါတယ်၊ သူတို့ကပဲ ညီလာခံအတွက် ညှိနှိုင်းမှုတွေကို ဆက်လုပ်သွားမှာပါ” ဟု ဆိုသည်။
ညီလာခံကျင်းပနိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားများ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ရရန်နှင့် တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးများလည်း လိုအပ်နေသည်ဟုလည်း ပါတီထုတ်ပြန်ချက်များအရ သိရသည်။