မုံရွာတွင် တက္ကသိုလ်ကျောင်းသားများ ရိုက်ပွဲဖြစ်၊ တစ်ဦးသေ

မုံရွာတွင် တက္ကသိုလ်ကျောင်းသားများ ရိုက်ပွဲဖြစ်၊ တစ်ဦးသေ
by -
မဇ္စျိမ

မုံရွာမြို့၊ သလ္လာမြို့သစ်ရပ်ကွက်ရှိ ရွှေမင်း သမီးအမျိုးသမီးအဆောင်ရှေ့တွင် တက္ကသိုလ် ကျောင်းသား လူငယ်များ ဇွန် ၂၅ ရက် ညက ရိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း မုံရွာရဲစခန်းက မှုခင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

ကျောင်းသားလူငယ် ခုနစ်ဦးသည် အမျိုးသမီးအဆောင်ရှေ့တွင် ဂစ်တာတီးခတ်နေစဉ် အခြားလူငယ်အုပ်စု တစ်ခုက ဆိုင်ကယ်များဖြင့် ရောက်လာကြပြီး အသင့်ယူလာသော သစ်သားချောင်းများဖြင့် ရိုက်နှက်ကြရာမှ ယင်းရန်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ဆိုင်ကယ်များဖြင့် ရောက်လာသော လူငယ်အုပ်စုသည် ၁ဝ ဦးခန့်ရှိကြောင်းလည်း ရဲများက မှတ်တမ်းတင် ထားသည်။

ယခုရန်ပွဲတွင် မုံရွာ စီးပွားရေးတက္ကသိုလ်တွင် ပညာသင်နေသော အသက် ၂၁ နှစ်အ ရွယ် စာရင်းအင်းပညာ တတိယနှစ်ကျောင်းသား မောင်အောင်ဝိုင်းချစ်သူ သေဆုံးသွားကြောင်း အဆိုပါတက္ကသိုလ်၏ ကျောင်းသား မှတ်တမ်းထိန်းဌာန၏ စာရင်းဇယားများတွင် တွေ့ရသည်။ အဆိုပါ ကျောင်းသားသည် အင်းတော်မြို့နယ်၊ ရွာသာရွာမှ မုံရွာသို့ လာရောက် ကျောင်းတက်နေသူဖြစ်ကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် ရန်ပွဲကြောင့် မောင်ရန်ပိုင်ထွန်းနှင့် မောင်ရဲရင့်အောင်ဆိုသော ကျောင်းသားနှစ်ဦးလည်း ဒဏ်ရာများ ရရှိခဲ့ပြီး မုံရွာ ပြည်သူ့ဆေးရုံတွင် ဆေးကုသနေရသည်ဟု အကြီးတန်း ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြား သည်။ ၎င်းတို့နှစ်ဦးမှာမူ ပွန်းပဲ့ဒဏ်ရာများသာ ရရှိထားသည်ဟုလည်း ထိုသူက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာမြို့မှ ရဲများက မည်သူက ရိုက်နှက်ခဲ့သည်ကို စုံစမ်းနေပြီဖြစ်ပြီး ရန်ပွဲကြောင့် ဒဏ်ရာရရှိသွားသူ မောင်ရန်ပိုင်ထွန်းက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားပြီး ရဲစခန်းက အမှုအမှတ်(ပ) ၂၈၁/ ၂ဝ၁၃ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ လူသတ် မှုဖြင့် တရားစွဲနိုင်ရေး အတွက် ဆောင်ရွက်မည်ဟု ရဲဌာနက သတင်းထုတ်ပြန်သည်။

Most read this week