အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လတ်တလော တိုင်းပြည် အခြေအနေများနှင့် ပတ်သက်၍ ၎င်း၏ သဘောထားများကို ပြည်တွင်းပြည်ပ မီဒီယာသမားများနှင့် အင်္ဂါနေ့က နာရီဝက်ကျော်ကြာတွေ့ဆုံကာ ရင်းနှီးစွာ ထုတ်ဖော်ပြောဆိုခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မီဒီယာများ၏ အမေးကို ဖြေကြားရာတွင် အချိုးကျ ကိုယ်စားပြု (PR) စနစ် ကြံဆချက်ကို လက်မခံနိုင်ကြောင်း အတိအလင်း ပြောကြားလိုက်သည်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သဘောမတူပါဘူး။ PR စနစ်ကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာ ပြည်သူတွေကပဲ ဆုံးဖြတ်ရမှာ။ ဒီဟာက ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုလုံးကို ပြန်ပြောင်းရမယ့်ကိစ္စပဲ” ဟု ဆိုသည်။
PR စနစ်ကို ပါတီအချို့က လိုလားမှု ရှိနေပြီး အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီတွင်း၌လည်း ဆွေးနွေးမှုများ ရှိနေစဉ် ထိုသို့ ထပ်လောင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲအလွန် ညွှန့်ပေါင်းအစိုးရ ဖြစ်နိုင်ခြေအပေါ် “နိုင်ငံရေးမှာ ဖြစ်နိုင်ခြေတွေအများကြီးရှိ တယ်။ ညွှန့်ပေါင်းဆိုရင် မဖြစ်နိုင်ပါဘူးဆိုတဲ့အမြင်မျိုး မကြိုက်ဘူး။ တိုင်းပြည်အတွက် လိုအပ်ရင် ဖြစ်နိုင်ရမှာပဲ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတာ NLD က စပြီး တောင်းဆိုခဲ့တာပဲ။ ဟိုလူနဲ့ မတွဲဘူး၊ ဒီလူနဲ့ ပေါင်းမလုပ်ဘူးဆိုရင် ရှေ့နောက် ဘယ်ညီတော့မလဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
သို့သော် ရွေးကောက်ပွဲဝင်ခြင်းမှာ မည်သူမဆို အနိုင်ရလို၍ ဝင်ခြင်းသာဖြစ်ကြောင်း ယတိပြတ်ပြောဆိုလိုက် သည်။
“တချို့က ပြောတယ် ၁၉၉၀ တုန်းက NLD အပြတ်အသတ်သာ မနိုင်ခဲ့ရင် အာဏာလွှဲပေးမလား ဆိုတာ။ အဲဒီမှာပဲ ရပ်ထားတယ်လေ။ ညွှန့်ပေါင်းဖွဲ့ပြီး အာဏာလွှဲပေးပြီး နောက်ဘယ်လို ခြေလှမ်းလှမ်းမှာလဲ။ ဘယ်လို အခြေခံ ဥပဒေ ရေးဆွဲမလဲ။ ဒါတွေ အများကြီး စဉ်းစားရမယ်။ ပြောတာကတော့ သိပ်လွယ်တာပဲ။ အပြတ် မနိုင်ခဲ့ရင် ညွှန့်ပေါင်းဖွဲ့ပြီး အဆင်ကို ပြေနေတာပဲ ဆိုတာ။ ပြေမယ်လို့ ဘယ်သူပြောလဲ။ ခန့်မှန်းခြေပဲ။ ရွေးကောက်ပွဲ ဝင်ရင်တော့ နိုင်အောင် လုပ်ရမှာပဲ။ အစကတည်းက မနိုင်ချင်ရင် ဝင်မရွေးနဲ့။ ကိုယ့်အစွမ်းနဲ့ ဖြောင့်မတ်မှုကိုပြရမယ်” ဟု ဆိုသည်။
လက်ရှိ သတင်းလောကတွင် ဂယက်ရိုက်ခတ်လက်ရှိသော “မျိုးစောင့် ဥပဒေ” ဆိုသည်နှင့် ပတ်သက်၍ “အဲဒီဟာ က နှစ်ဖက် ရှိတယ်လေ။ ဘာသာရေးဘက်လည်း ရှိတယ်၊ ဥပဒေဘက်လည်း ရှိတယ်။ ဘာသာရေးမှာ အန်တီ ကျွမ်းကျင်တာ မဟုတ်ဘူး။ တည်ဆဲဥပဒေထဲမှာ ဒီလိုဥပဒေမျိုး မရှိဘူး။ ဥပဒေဆိုတာကလည်း တရားမျှတမှု အခြေခံရမယ်၊ အားလုံးပေါ်မှာ တန်းတူညီမျှမှု အခြေခံရမယ်ဆိုတာ အားလုံးလက်ခံထားတဲ့ မူတွေပဲ။ ဘာသာ တရားကို ကာကွယ်တယ်ဆိုတာဟာ အဓိက ယုံကြည်မှုပဲ။ ဘာသာတရားကို လိုက်စားတဲ့လူတွေရဲ့ ယုံကြည်မှုက ခိုင်မာရင် ......... မရပါဘူး” ဟု ၎င်း၏ သဘောထားကို ပြောဆိုသွားသည်။
အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်း၏ မျက်နှာဖုံး ဆောင်းပါးအဖြစ် "THE FACE OF BUDDHIST TERROR" ကို ဆရာတော် ဦးဝီရသူ၏ ဓာတ်ပုံဖြင့် ဖော်ပြရေးသားချက်နှင့် ပတ်သက်၍မူ သတင်းများတွင်သာ ကြားသိရပြီး မဂ္ဂဇင်း ကိုယ်တိုင် မဖတ်ရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
“ဘယ်ဘာသာပဲဖြစ်ဖြစ် အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတယ်လို့ အထင်ခံရရင် ဘယ်ကောင်းမလဲ။ ဘာသာတရား ဆိုတာ အခြေခံအားဖြင့် လူသားတွေကြားမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ပွားနိုင်ဖို့ တွန်းအားပေးရမှာပဲ။ လူ အမှားအမြင် မဖြစ်အောင် အားလုံးကနေ ကြိုးစားရမှာပေါ့” ဟု မှတ်ချက်ပေးသည်။
ရွေးကောက်ပွဲရလဒ်ဖြင့် သမ္မတ ဖြစ်လိုသူ ဒေါ်အောင်ဆန်းစုကြည်က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌလည်း ဖြစ်သည့် သူရဦးရွှေမန်း၏ သမ္မတ ဖြစ်လိုမှု ထုတ်ဖော်ပြောဆိုမှုကိုလည်း ကြိုဆိုလိုက် သည်။
“ဦးရွှေမန်းက သမ္မတဖြစ်ချင်တယ်လို့ပြောတာဟာ ဖြောင့်မှန်တယ်၊ ပွင့်လင်းတယ်၊ သဘောကျတယ်။ နိုင်ငံရေးလုပ်နေမှ ရှိုးတိုးရှန့်တန့်ဖြစ်နေလို့ ဘယ်ဖြစ်ပါ့မလဲ” ဟု ပြောဆိုလိုက်ပြီး လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့နှစ်ဦးအပေါ် ပိုမိုနှစ်သက်နိုင်မှုနှင့် ပတ်သက်၍ မေးမြန်းချက်ကိုမူ “ဒါကတော့ အန်တီ့အနေနဲ့ သုံးသပ်ချက်ကို ဘယ်ပြောပါ့မလဲ။ ပြည်သူလူထုတွေရဲ့ သုံးသပ်ချက်ကို စောင့်ပြီး နားထောင်မှာပေါ့” ဟု ရယ်ရွှန်း ပြောဆိုသွား သည်။
ပြည်သူလူထု၏ နိုင်ငံရေး ရေချိန်အရ ၂၀၁၅ ရွေးကောက်ပွဲတွင် ဆန္ဒမဲများ ပါတီအများသို့ ပြန့်ကျဲသွားမည်ကို စိုးရိမ်ရန်မလိုကြောင်း “၁၉၉၀ ရွေးကောက်ပွဲမှာဆိုရင် ပြည်သူလူထုက ရှင်းရှင်းလေး သိတယ်။ မဲပြန့်သွားမယ့်ကိစ္စ မလုပ်ဘူး။ မူအပေါ်မှာ အခြေခံပြီး မဲပေးတယ်။ ပြည်သူက သဘောပေါက်တယ်။ ကြားဖြတ်ရွေးကောက်ပွဲတုန်းက လည်း ဒီအတိုင်းပဲ။ မဲမပြန့်ဘူး။ NLD ကို ပေးတဲ့သူက ပေးတယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ပေးတဲ့သူက ပေးတယ်။ နောက် တခုက ၁၉၉၀ မှာရော၊ ၂၀၁၀ မှာရော တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသားပါတီတွေက နိုင်တာများတယ်။ အဲဒါကလည်း မပြောင်းလဲဘူး။ ပြည်သူမှာ စုစည်းမှုစိတ်ဓာတ် ရှိတယ်။ ပါတီအသေးလေးတွေကို သိပ်ပြီး ရွေးတဲ့ အလေ့အထ မရှိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
NLD ၏ ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံတခုဖြစ်သော အခြေခံဥပဒေ ပြုပြင်ရေးမှာ စိတ်ရှည်၍ အချိန်ယူဆောင်ရွက်သွားလျှင် အောင်မမြင်မည်ဟုလည်း “တကယ်ဇွဲရှိ၊ ဆန္ဒရှိပြီး လုပ်သင့်တဲ့အလုပ်ဆိုရင် မဖြစ်မြောက်စရာ အကြောင်းမရှိဘူး။ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှု ကိစ္စမှာ ပြည်သူတွေကို ရှင်းပြဖို့ဆိုတာ သိပ်အရေးကြီးတဲ့ ကိစ္စတခုလို့မြင်တယ်။ ဘာဖြစ်လို့ ပြောင်းချင်တယ်၊ ဘယ်အပိုဒ်တွေ၊ ပြောင်းလဲခြင်းဖြင့် ဒီနိုင်ငံအတွင်းက ပြည်သူတွေ၊ တပ်မတော်အပါအဝင် အဖွဲ့အစည်းတွေအတွက် ဘာအကျိုးရှိမယ် ဆိုတာ ရှင်းပြရမယ်။ ပြည်သူလူထု လက်ခံသဘောပေါက်သွားရင် အနှေးနဲ့အမြန် အောင်မြင်ကို အောင်မြင်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အာမခံသည်။
“လူတွေက တပ်ကိုပဲ လက်ညှိုးထိုးနေလို့ မရဘူး။ နိုင်ငံရေး အသိုင်းအဝိုင်းကိုလည်း ကြည့်ရမယ်။ တပ်ကို နိုင်ငံရေး ထဲ ဆွဲထည့်ချင်တဲ့လူတွေ ရှိသလားဆိုတာ အဲဒါ အင်မတန် အရေးကြီးပါတယ်။ တပ်ကို နိုင်ငံရေးထဲ ဆွဲထည့်ခြင်း ဟာ အင်မတန်မှ တိုင်းပြည်ကို နစ်နာစေတယ်။ တပ်ကိုလည်း နစ်နာစေတယ်ဆိုတာ ဒီလူတွေ နားလည်ရမယ်။ တပ်ကို သုံးပြီးတော့ ကိုယ်လိုချင်တဲ့ အခြေအနေဖြစ်အောင် မဖန်တီးရဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်၊ ဇွန်လမှ စတင်ဖြစ်ပွားခဲ့သော အဓိကရုဏ်းများ မတားဆီးနိုင်ဘဲ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရှမ်းပြည်နယ်တို့အထိ ပြန့်နှ့ံကူးစက်သွားခဲ့ရသည်မှာ အုပ်ချုပ်ရေးပိုင်း တာဝန်ယူဆောင်ရွက်မှု အားနည်းချက်များလည်း ပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။
“ရခိုင်မှာ စခဲ့တဲ့ကိစ္စဆိုရင် ဟို ကလေးမလေး (မသီတာထွေး အဓမ္မပြုကျင့်ခံရမှု) ကိစ္စမှာတုန်းက ဘယ်လိုဆောင်ရွက်နတယ်ဆိုတာကို သေသေချာချာ ပြည်သူတွေ မသိရဘူး။ အဲဒီမှာ သို့လော သို့လော မကျေနပ်တာတွေ ဖြစ်တာပေါ့။ အုပ်ချုပ်ရေးပိုင်းက တရားဥပဒေအရ လုပ်သင့် လုပ်ထိုက်တဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ကို ယူနေရဲ့လားဆိုတာ သိဖို့လိုတယ်” ဟု ဆိုသည်။
မိထ္ထီလာ အကြမ်းဖက်မှုများ ထိန်းသိမ်းကိုင်တွယ်ရန် အရေးပေါ်အခြေအနေအား သက်တမ်း တိုးမြှင့် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍လည်း “ပထမ ရက် ၆၀ အတွင်းမှာ ပုံမှန်အခြေအနေ ဖြစ်သွားအောင် ဘာလုပ်ထားလဲဆိုတာ တင်ပြမှုမရှိဘူး။ ပွင့်လင်းမြင်သာမှု အများကြီးလိုတယ်။ အုပ်ချုပ်ရေးဘက်က ဘာတွေ ဘယ်လိုဆောင်ရွက်ပြီး ဘယ်လောက်ထိ ထိရောက်လဲ၊ မထိရောက်လို့ ဒီ အရေးပေါ်အခြေအနေကို ဆက်ပြီး ထားတာလား။ ဒီလိုမေးခွန်းတွေက ဘာမှ အခြေမသိရဘူး” ဟု ထောက်ပြဝေဖန်လိုက်သည်။
အခြေအနေ အရပ်ရပ်အား မီဒီယာများက ပြည်သူတို့ ရေးသားထုတ်လွှင့်ကြရာတွင် တာဝန်သိမှု အထူးလိုအပ်ကြောင်းလည်း ပြည်တွင်းပြည်ပ မီဒီယာသမားကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
“မီဒီယာကလည်း တာဝန်သိသိနဲ့ သုံးသပ်စေချင်တယ်။ ဘက်မလိုက်ပါနဲ့။ အမြင်ကို အမြင်အတိုင်း သတ္တိရှိရှိနဲ့ တင်ပြပါ။ အကျိုးဆက်တွေက ဘယ်လိုဖြစ်နေလဲဆိုတာကို။ သုံးသပ်တဲ့အခါမှာ တာဝန်ရှိရှိနဲ့ သုံးသပ်စေချင်ပါတယ်။ မီဒီယာရဲ့ အခန်းကဏ္ဍက အရေးပါလို့ တာဝန်ယူရမယ်။ ငါတို့ပြောရင် လူတွေ စိတ်ညွှတ်တယ်ဆိုတဲ့စိတ်ဓာတ်နဲ့ မလုပ်ပါနဲ့။ ဘယ်လိုသက်ရောက်မှု ရှိနိုင်တယ်ဆိုတဲ့ တာဝန်သိတဲ့စိတ်ဓာတ်နဲ့ ပြောပါ။ အခြေခံအားဖြင့်တော့ဖြောင့်ပါ” ဟု တိုက်တွန်းသည်။
တဆက်တည်းတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုကိစ္စများနှင့် သက်ဆိုင်သည့် ရေးသားပြောဆိုချက်များနှင့် ပတ်သက်၍ လည်း သတိပြု ဆင်ခြင်ရန် ဒေါ်ောအင်ဆန်းစုကြည်၏ ၎င်း၏သဘောထားကို ပြောဆိုသည်။
“အန်တီတို့နိုင်ငံအပေါ်မှာ အမြင်စောင်းလာတယ်ဆိုတာ ကမ္ဘာက သိတာပဲ။ မီဒီယာလောကမှာ ဒီလိုဖြစ်လာတာ။ အန်တီ့ကိုလည်း တိုက်ခိုက်တာပဲ။ ဘာဖြစ်လို့ တဖက်ကနေ လက်သီးလက်မောင်းတန်းပြီး မပြောသလဲဆိုတာ။ ရုတ်သိမ်းရမယ့်စကားမျိုး အန်တီ မပြောချင်ဘူး။ အခု ပြောင်းလဲနေတယ်။ အရင်လိုမဟုတ်ဘူး။ ဒီတိုင်းပြည်မှာဖြစ်နေတဲ့ကိစ္စ တကမ္ဘာလုံးနဲ့ ဆက်နွှယ်နေတယ်။ ချိန်ခွင် လျှာ ညီမျှအောင် လုပ်ရမယ်။ ကိုယ့်နိုင်ငံတွင်းမှာရှိတဲ့ လူတိုင်းရဲ့ အေးချမ်းတည်ငြိမ်မှုကို စဉ်းစားရမယ်။ တကမ္ဘာလုံးရဲ့ အနေအထားကိုလည်း စဉ်းစားရမယ်။ ကမ္ဘာ့ရေစီးကြောင်းနဲ့ ဆန့်ကျင်သွားပြီး လာပြီး ရင်းနှီးမြှုပ်နှံပါပြောလို့ မရဘူး” ဟု လက်ပံတောင်းတောင် အရေး စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။