နေရပ်ပြန် စစ်ဘေးရှောင်သူများ စိုက်စရာ မြေမရ

နေရပ်ပြန် စစ်ဘေးရှောင်သူများ စိုက်စရာ မြေမရ
by -
မဇ္စျိမ

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက စစ်ဘေးတိမ်းရှောင်ရန်အတွက် မိမိရွာမှ ထွက်ခွာသွားခဲ့ကြသည့် ကရင် တိုင်းရင်းသား ဒေသခံများသည် မိမိ၏ မူလကျေးရွာသို့ ပြန်လည်ရောက်ရှိလာချိန်တွင် စိုက်ပျိုးစရာ မြေမရှိဖြစ်နေကြောင်း ထားဝယ်ဒေသရှိ ဒေသခံများက ပြောကြားသည်။

Kayin-Warrefugee

နေရပ်ပြန် စစ်ဘေးရှောင်သူများ စိုက်စရာမြေမရ ထားဝယ်ဒေသ မေတ္တာမြို့နယ်ခွဲ ကျေးဇူးတော်ကျေးရွာမှ စာသင်ကျောင်းတစ်ကျောင်းအား တွေ့ရစဉ်။ (ဓာတ်ပုံ -Dawei Watch ၊ မဇ္ဈိမ)

ကရင်တိုင်းရင်းသား အများဆုံးနေထိုင် ရာ ထားဝယ်ဒေသ မေတ္တာမြို့နယ်ခွဲ ဟိန္ဇဲရွာမှ ဒေသခံများသည် စစ်ဘေးကြောင့်၁၉၉၁ ခုနှစ်ကတည်းက ရွာမှ ထွက်ခွာခဲ့ရပြီး ၂ဝ၁၂ ခုနှစ် မိမိနေ ရပ် ပြန်လာသည့် အချိန်တွင် မြေယာအများစုသည် ကုမ္ပဏီများနှင့် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များ၏ လက်ထဲရောက်နေကြောင်း ၎င်းတို့က ပြောဆိုသည်။

လက်ရှိတွင် ရွာကို ပြန်တည်ထောင်ရန် နေစရာနေရာရသော်လည်း စိုက်ပျိုးမြေအဖြစ် အသုံးပြုရန် မြေလွတ်မြေလပ် များ မရှိတော့ဟု ယင်းဒေသခံများက ဆိုသည်။

ရော်ဘာနှင့် ဆီအုန်းစိုက်ပျိုးရန် ရွှေပဒုမ္မာ အမည်ရ ကုမ္ပဏီတစ်ခုကယူထားသည့် မြေ ဧရိယာများအနက် မြေ ၂၃ဝ ဧကနှင့် ရောင် နီဦးအမည်ရ ကုမ္ပဏီတစ်ခုမှ ယူထားသည့် မြေဧရိယာများအနက် မြေ ၅ဝဝ ဧကကျော်သည် ယခင်က ကျေးရွာမြေဧရိယာဖြစ် ကြောင်း ဒေသခံများက ဆိုသည်။

''လုပ်ကိုင်ခွင့်ကျထားပြီလို့တော့ ပြော တာပဲ။ သွားမေးရင်လည်း စာရွက်တစ်ရွက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးရော၊မြေစာရင်းရော၊ သစ်တောရော လက်မှတ်ထိုးထားတဲ့ စာရွက်ကို ကွန်ပြူတာနဲ့ ပြတယ်။ တစ်ခါမှ မူရင်းမပြဘူး''ကျေးဇူးတော်ရွာခေါ် ဟိန္ဇဲရွာ ဟောင်းမှ ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ပြန်လည်ရောက်ရှိလာခြင်းကြောင့် ဟိန္ဇဲရွာဟောင်းကို ကျေးဇူးတော်ရွာဟုပြန်လည် မှည့်ခေါ်ထားသည်။

ရော်ဘာနှင့်ဆီအုန်းစိုက်သည့် ရွှေပဒုမ္မာ ကုမ္ပဏီသည် ၂ဝဝ၆ ခုနှစ်ကတည်းက စီမံကိန်းစတင်ခဲ့သော်လည်း လျာထားမြေဧက ၁၂ဝဝ တွင် ၂၈ဝ ဧကကိုသာ စီမံကိန်း အကောင်အထည်ဖော်နိုင်ကြောင်း ဒေသခံများ၏ မှတ်တမ်းအရ သိရသည်။

''ရွာသူရွာသားတွေအားလုံး အရင်လို ပြေပြေလည်လည်နေစေချင်တယ်''ဟု ကျေး ရွာအုပ်ချုပ်ရေးမှူး စောဖဲဒီက ဆိုသည်။

ယင်းကိစ္စကို တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးကို တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိသေး ကြောင်း ရွာသူရွာသားများက ပြောသည်။

ကျေးရွာမြေကို ပြန်လည်ရရှိအောင် ဖြစ်သည့်နည်းဖြင့် ကြိုးစားသွားမည်ဖြစ်ကြောင်း ဒေသခံများက တညီတညွတ် တည်း ပြောဆိုသည်။

ကျေးရွာတွင် ပြန်လည်အခြေချနေထိုင်သည့် အိမ်ခြေ ၂၇ အိမ်ရှိပြီး လက်ရှိတွင် ဝမ်းရေးအတွက် မီးသွေးဖုတ်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မေတ္တာမြို့နယ်ခွဲနေရာသည် ထားဝယ်-ကန်ချနပူရီ ကားလမ်းပိုင်းတွင်တည်ရှိပြီး ယခင်က ကရင်အမျိုးသား အစည်းအရုံးနှင့်ကျောင်းသားတပ်မတော် (ABSDF) တို့ စိုးမိုးအခြေစိုက်ခဲ့သည်။

Most read this week