ငြိမ်းချမ်းရေး ကျည်ဆံခွံ ဆင်းတုတော်နှင့် လက်ဝါးကပ်တိုင် လိုင်ဇာသို့ ပို့ဆောင်

ငြိမ်းချမ်းရေး ကျည်ဆံခွံ ဆင်းတုတော်နှင့် လက်ဝါးကပ်တိုင် လိုင်ဇာသို့ ပို့ဆောင်
by -
မဇ္စျိမ

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့က ကချင်ပြည်နယ်မှ ကောက်ယူခဲ့သည့် ကျည်ဆံခွံများ ဘုရားဆင်းတု တော်တဆူနှင့် လက်ဝါးကပ်တိုင်တစ်ခု သွန်းထုကာ  ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ ထဲတွင် လှည့်လည်ပူဇော်ခံပြီး လိုင်ဇာသို့ ပို့ ဆောင်ရန် ထွက်ခွာသွားသည်။

မန္တလေးမြို့တွင် လှည့်လည် ပူဇော်ခံခဲ့ခြင်းနှင့် ပတ်သက်၍ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ  ဒေါ်ဝင်းဝင်းမြက ''မန္တလေးမြို့မှာ ဒီနေ့ပဲ လှည့်လည်ပူဇော်ခံပြီး လိုင်ဇာကို ပင့်ဆောင်သွားမှာပါ'' ဟု မဇ္စျိမသို့ ပြောသည်။

ယခုနှစ်ဆန်းပိုင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲများ ပြီးဆုံးစေရန် ရည်ရွယ်၍ ၂၂ ဦးပါ လမ်းလျှောက်အဖွဲ့သည် ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ၅၆ ရက်ကြာ ခြေလျင်သွားရောက် ခဲ့ကြသည်။

ယင်းအဖွဲ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့အနီးမှ ကျည်ဆံခွံများကို ကောက်ယူခဲ့ကာ ဘုရားဆင်းတုတော် တစ်ဆူနှင့် လက်ဝါးကပ်တိုင်တစ်ခုကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဆင်းတုတော်နှင့် လက်ဝါးကပ်တိုင် ထုလုပ်ရာတွင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် ဦးဝင်းချို က ''ဝိုင်းမော်မြို့နယ် ထဲက ရွာတွေမှာ ပြည်တွင်း စစ်ဖြစ်ခဲ့တယ်။ အဲဒီရွာတွေ ဖြတ်တော့ လမ်းပေါ်မှာ ပြန့်ကျဲနေတဲ့ ကျည်ခွံတွေ ကောက်ယူ ခဲ့ကြတယ်။ အဲဒီကျည်ခွံတွေကနေ ဘုရားဆင်းတုတော်ဖြစ်လာတယ်။ ခရစ်ယာန် ဘာသာဝင်တွေအတွက်လည်း လက်ဝါးကပ်တိုင်တစ်ခု သွန်းထုခဲ့တယ်'' ဟု ဖြစ်ပေါ်လာပုံကို ရှင်းပြသည်။

ကောက်ယူခဲ့သည့် ကျည်ခွံစုစုပေါင်း ၂ဝဝဝ ကျော်ရှိပြီး အလေးချိန်အားဖြင့် ၁၃ ပိဿာကျော်ရှိကြောင်းနှင့် ယင်းကို ကျိုလိုက်ရာ သန့်စင်ပြီးကြေး ၁၁ ပိသာကျော်ရရှိပြီး ယင်းကြေးကို ဗောဓိစောင်းတန်းမှ ဦးဖဲ နိဗ္ဗာန်ဆိုင်တွင် အပ်နှံကာ သွန်းလုပ်စေခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ဆင်းတုတော်ဘွဲ့ကို ငြိမ်းချမ်းရေး အဓိပ္ပါယ် ဆောင်သည့် ''မနောဝိမုတ္တိရသ ငြိမ်းချမ်းရေး ဆုတောင်းပြည့်ဘုရား'' ဟု ဘွဲ့ပေးထားကြောင်းလည်း လမ်းလျှောက် အဖွဲ့ဝင်တစ်ဦးက မဇ္စျိမသို့ ပြောသည်။

လက်ဝါးကပ်တိုင်ကိုမူ ''ဘလက်ဇာ (အနေကဇာတင်ခြင်းကဲ့သို့) မပြုလုပ်ရသေးကြောင်း လိုင်ဇာရောက်မှ လုပ်မယ်ဆိုခြင်းကြောင့် မလုပ်ရသေးခြင်း ဖြစ်သည်ဟုလည်း ၎င်းလမ်းလျှောက်အဖွဲ့ဝင်က ပြောသည်။

ကချင်ပြည်နယ် လူထုငြိမ်းချမ်းရေးအတွက် ယခု လက်ဝါးကပ်တိုင်နှင့် ဆင်းတုတော်ကို ပင့်ဆောင်ပေးခြင်းကို မန္တလေး ရေတော်ကျောင်းမှ ဆရာတော် ဦးရေဝတ က မိန့်ကြားသည်။

Most read this week