အိန္ဒိယ-မြန်မာ-ထိုင်း နိုင်ငံတို့ကို ဖြတ်သန်းဖောက်လုပ်နေသည့် သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်အသုံး ပြုနိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ် ရေးနှင့်စက်မှု ဝန်ကြီး အာနန်းရှားမား (Anand Sharma) က ပြောဆိုသည်။
နေပြည်တော်တွင် ကျင်းပနေသည့် ကမ္ဘာ့စီးပွါးရေးဖိုရမ်တွင် ဝန်ကြီးကထိုသို့ထုတ်ဖော်ပြော ဆိုသွားကြောင်း PTI သတင်းတရပ်တွင်ရေးသားထားသည်။
“သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးလို့ ကျနော်တို့ခေါ်တဲ့ ဒီလမ်းမကြီး အတွက် မြန်မာ၊ ထိုင်းနိုင်ငံတို့နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ အခု လုပ်ငန်း ထက်ဝက်ပြီးနေပါပြီ။ ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်မှာ အပြည့်အဝ အသုံးပြုနိုင်ပါလိမ့်မယ်” ဟု “ရေရှည်အမြင်” ဟု မည်ပေးထားသော နှီးနှောဖလှယ်ပွဲ အတွင်း ဇွန်လ ၆ ရက်နေ့က ပြောဆိုသွားခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် မိုးရေးမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့ အထိ မြန်မာနိုင်ငံ ကို ဖြတ်သန်းဖောက် လုပ်မည့် အစီအစဉ်သည် ၂၀၀၂ ခုနှစ်၊ ဧပြီလ ရန်ကုန်တွင်ကျင်းပခဲ့သည့် သယ်ယူပို့ဆောင်ရေး အဆက်အသွယ်များ ပြုလုပ်ရေး သုံးနိုင်ငံ ဝန်ကြီးများ အစည်းအဝေး တွင် စတင် သန္ဓေတည်ခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများ ဆက်သွယ်ရေးတွင် ယခုအဝေးပြေး လမ်းမကြီးသည် အလွန်အရေး ပါသည့်ခြေလှမ်းတလှမ်း ဖြစ်သည်။ ကုန်စည်များ သယ်ဆောင်ရန်နှင့် ဝန်ဆောင်မှု လုပ်ငန်းများအတွက် သာမက လူနှင့် စိတ်ကူးအကြံအစည်များ ဖြတ်သန်း သယ်ဆောင်နိုင်မည့် အဝေးပြေးလမ်းမကြီး၊ အခွင့်အလမ်းနှင့် ချစ်ကြည်ရေး လမ်းမကြီး အဖြစ်လည်း ရှုမြင်နေကြသည်။
အာဆီယံနှင့် အိန္ဒိယနိုင်ငံအကြား ချုပ်ဆိုထားသည့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်သည် မြန်မာ အပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်ရေးအတွက် အထောက်အကူဖြစ်စေလိမ့် မည်ဟု မစ္စတာ ရှားမား က ပြောသည်။
မန္တလေးတွင် သတင်းနည်းပညာ တက္ကသိုလ်တခု တည်ထောင်ရန်လည်း အိန္ဒိယနိုင်ငံက လေ့လာနေသည် ဟုလည်း သူက ပြောသည်။
လယ်ယာထွက်ကုန် တိုးမြှင့်ရေးအတွက်လည်း အိန္ဒိယနိုင်ငံ၏ ကျွမ်းကျင်မှုနည်းပညာများကို မြန်မာနိုင်ငံကို မျှဝေပေးမည်ဟုလည်း ၎င်းက ဆိုသည်။
“ဒီလုပ်ငန်း အောင်မြင်ရေးအတွက် စိုက်ပျိုးရေးသုတေသနနဲ့ စိုက်ပျိုးရေးပညာ အဆင့်မြင့် ဗဟိုဌာနတခုကို
ရေဆင်းမှာ တည်ထောင်သွားမှာဖြစ်ပြီး ဆန်စပါး ဇီဝဥယျာဉ်ကိုလည်း အိန္ဒိယနိုင်ငံရဲ့ ငွေကြေးအထောက် အပံ့နဲ့ မြန်မာနိုင်ငံမှာ တည်ထောင်သွားမှာ ဖြစ်ပါတယ်” ဟု မစ္စတာ အာနန်း ရှားမား က ပြောသည်။
အရည်အသွေးမြင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေး အရေးပါမှုကိုလည်း “(အိန္ဒိယ) မီဇိုရမ်ပြည်နယ်နဲ့မြန်မာနိုင်ငံ စစ်တွေမြို့ ကိုဆက်သွယ်ပေးမယ့် ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းကိုလည်း အိန္ဒိယ နိုင်ငံက လုပ်ဆောင်နေပါတယ်” ဟု ပြောဆိုသည်။
စီးပွါးရေး တိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံ လျှောက်လှမ်းနေရာတွင် အိန္ဒိယနိုင်ငံသည် ခိုင်မြဲသော လက်တွဲဖော်နိုင်ငံအဖြစ်ဆက်ရှိနေမည်ဖြစ်သည်ဟုလည်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု ဝန်ကြီး အာနန်းရှားမား (Anand Sharma) က ပြောဆိုသွားခဲ့သည်။