မော်လမြိုင် သံလွင်ဥယျာဉ်တွင် ရှောပင်းမော တည်ဆောက်ရန် မြို့ခံများက မူအားဖြင့် သဘောတူ

မော်လမြိုင် သံလွင်ဥယျာဉ်တွင် ရှောပင်းမော တည်ဆောက်ရန် မြို့ခံများက မူအားဖြင့် သဘောတူ
by -
မဇ္စျိမ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်ဥယျာဉ်တွင် မြို့နယ်စည်ပင်က စီစဉ်ဆောင်ရွက်နေသော Shopping Mall တည်ဆောက်ရန်အတွက် မြို့ခံတို့၏ သဘောထား ဆန္ဒသိရှိနိုင်ရန် တွေ့ဆုံပွဲ တစ်ခု ပြုလုပ်ခဲ့ကာ ယင်းတွေ့ဆုံပွဲတွင် မြို့ခံတို့ကမူအားဖြင့် သဘောတူညီ ခဲ့ကြောင်း မွန်ပြည်နယ် စည်ပင်သာရေးဝန်ကြီး ဒေါက်တာ တိုးတိုးအောင် က ပြောသည်။

သံလွင်ဥယျာဉ်တွင် Shopping Mall ဆောက်လုပ်မည့်ကိစ္စနှင့် ပတ်သက်ပြီး မြို့နယ် စည်ပင်သာသာရေး အဖွဲ့က မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု အထောက် အကူပြုကော်မတီ၊ သက်ဆိုင်ရာ မော်လမြိုင်မြို့နယ် စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊နိုင်ငံရေးပါတီများနှင့် မော်လမြိုင်ရှိ လူမှုအဖွဲ့အစည်းများ၊ စိတ်ဝင်စားသူများနှင့် ဇွန်လ နှစ် ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဒေါက်တာတိုးတိုးအောင်က ''ကျွန် တော်တို့ တွေ့ဆုံတဲ့ လူတွေဟာ မြို့ခံအားလုံးကို ကိုယ်စားပြုတယ်လို့ ယူဆပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီတွေ့ဆုံမှုမှ Shopping Mall ဆောက်ဖို့ အားလုံးက သဘောတူတဲ့ အနေအထားနဲ့ ဒါကိုမူအားဖြင့် သဘာတူတယ်'' ဟု ဆိုသည်။

သံလွင်ဥယျာဉ်ကြီးကို နှစ်ပေါင်းများစွာ မြေအသုံးချမှု မရှိသောကြောင့် နိုင်ငံတကာ အဆင့်မီ Shopping Mall တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်လုပ် ဆောင်သည်ဟု ဒေါက်တာတိုးတိုးအောင် က ရှင်းပြသည်။

Shopping Mall တည်ဆောက်ရာတွင် လက်ရှိ သံလွင်ဥယျာဉ်မြေ အသုံးပြုမှု ၃၈ ဒသမ၂၆၅ ဧက ရှိသည့်အနက် မြေသုံး ဧကကို အသုံးပြုသွားမည် ဖြစ်ကြောင်း ကိုလည်း ၎င်းက ပြောသည်။

သံလွင်ဥယျာဉ်တွင် Shopping Mall တည်ဆောက်ခြင်းကို မြို့ခံအများစုက လိုလားကြသော်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် ပတ်သက်ပြီး စိုးရိမ်မှုများရှိနေကြသည်။

မြိုင်သာယာရပ်ကွက် အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌဦးမြင့်တင်က ''မော်လမြိုင်မြို့ ဟာ တခြား မြို့နယ်နဲ့ ယှဉ်ကြည့်ရင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတယ်လို့ ပြောရမယ်။ အခု ဒီသံလွင်ဥယျာဉ်ကြီးမှာ Shopping Mall ဆောက်မယ်ဆိုရင် ပတ်ဝန်းကျင် ထိခိုက်မှု မရှိဘူးဆိုလို့ရှိရင် ကျွန်တော်တို့ အတိုင်းထက် အလွန် ကြိုဆိုလျက်ပါ'' ဟု ပြောသည်။

ယင်းအပြင် စီမံကိန်း တည်ဆောက်ဖြစ်ပါက စည်ပင်သာယာရေးက စီစဉ်ဆောက်ရွက်မည့် အပိုင်းနှင့် ကုမ္ပဏီ၏ လုပ်ငန်းဆောက်ရွက်မှုအပိုင်းတို့ကို ပြည်သူများ သိရှိအောင် ထင်သာမြင်သာရှိအောင် ချပြသင့်ကြောင်းလည်း ပြောဆို ဆွေးနွေးသည်။

သို့သော် တချို့သော မြို့ခံတို့က သံလွင်ဥယျာဉ်တွင် Shopping Mall တည်ဆောက်မည့် အစား မြို့ခံများ လိုအပ်လျက်ရှိသည့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်စေလိုကြောင်း ပြောသည်။

မော်လမြိုင်မြို့နယ် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ရွှေက ''ဒီဟာဆောက် မယ်ဆိုလည်း ကြိုဆိုပါတယ်။ သို့သော် ဒီလို တန်ဖိုးရှိတဲ့ မြေကို မြေငှားခနည်းနည်းနဲ့ ဘာမှထိ ရောက်မှာ မဟုတ်ဘူး။ ဒီတော့ ကျွန်တော်တို့ မြို့ခံတွေ တကယ်လိုအပ်တဲ့ အဆောက်အဦး ဥပမာ ဒီကနေ့မြင်တွေ့ နေရတဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကလေးတွေ သွေးလွန်တုပ်ကွေး အလွန်ဖြစ်နေ ပါတယ်။ အဆောက်အဦး လည်း အမှန်လိုအပ်နေပါ တယ်။ ဒါကြောင့် မြေလည်းငှား မြို့ခံတွေ လိုအပ်တာကိုလည်း ဖြစ်စေလိုတယ်'' ဟု ဆိုသည်။

သံလွင်ဥယျာဉ်တွင် အဆင့်မြင့်စျေးဝယ်စင်တာ တည်ဆောက်ရန်အတွက် ထိုင်း ကုမ္ပဏီ တခုဖြစ်သည့် IMAC ကုမ္ပဏီ က ဆောက်လုပ်ရန် ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုမှု ရှိခဲ့သလို မွန်ပြည်နယ် စည်ပင်သာယာ ရေး အဖွဲ့၏ အဆင့်မြင့် စျေးဝယ်စင်တာ တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့မှုကြောင့် ရန်ကုန်မြို့မှကုမ္ပဏီကြီး များလည်း လာရောက်လျှောက်ထားမှုရှိသည်။