နိုင်ငံရေး အာမခံချက်မရှိဘဲ အပစ်ရပ် လက်မှတ်မထိုးသေးရန် KIO ကို ကချင်အဖွဲ့များ အကြံပြု

နိုင်ငံရေး အာမခံချက်မရှိဘဲ အပစ်ရပ် လက်မှတ်မထိုးသေးရန် KIO ကို ကချင်အဖွဲ့များ အကြံပြု
by -
မဇ္စျိမ

အစိုးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရောက်ရှိနေကြသော ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ် များနှင့် မြစ်ကြီးနားရှိ ကချင်အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် နိုင်ငံရေးဆွေးနွေးမှုများ မရေရာသေးမီ အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးခြင်း မပြုသေးရန် KIO အား အကြံပြုခဲ့ကြကြောင်းတွေ့ဆုံပွဲ တက်ရောက်သူတဦးက မဇ္စျိမကို ပြောသည်။

ကချင်အတိုင်ပင်ခံ အဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနား ရပ်မိရပ်ဖများ၊ သဘာရေးခေါင်းဆောင်များ၊ လူမှုရေး အဖွဲ့အစည်းများတို့ အပါအဝင် လူထု ၂၀၀ ခန့်နှင့် မနောကွင်း ခန်းမဆောင်တွင် နှစ်နာရီခန့်ကြာတွေ့ဆုံဆွေး နွေး၍ KIO ခေါင်းဆောင်များက အကြံဉာဏ်များ တောင်းခံခဲ့ခြင်း ဖြစ်သည်။  

“KIO က လွန်ခဲ့တဲ့ အတွေ့အကြံုအရ ပြဿနာ ဖြစ်ပွားနိုင်တဲ့ နေရာက တပ်တွေကို လျှော့လိုက်ပြီး စစ်ရှိန်ကို လျှော့ဖို့၊ စာချုပ်နဲ့ ရေးတာ မဟုတ်ဘဲ ဒီအတိုင်း ဆုတ်သွားဖို့၊ ပြည်ထောင်စု ဖယ်ဒရယ်ကို ပေးပါ။ အဓိက နိုင်ငံရေးဆွေးနွေးမှု လုပ်ရအောင် ဆိုပြီး ပြောတယ်။ ပြည်သူလူထုက ဘာမှ မရဘဲ အပစ်ရပ် လက်မှတ် လုံးဝ မထိုးနဲ့လို့ ပြောတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရပ်မိရပ်ဖ တဦးဖြစ်သည့် ဦးလခရိလအောင် က ပြောသည်။  

ယမန်နေ့က ဆွေးနွေးမှုတွင် ပဋိပက္ခ ဖြစ်ပွားနေသော နေရာဒေသများတွင် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ရေးနှင့် နိုင်ငံရေး ဆွေးနွေးရေး တို့ကို KIO ဘက်မှ တင်ပြခဲ့ပြီး အစိုးရ ကိုယ်စားလှယ်များဘက်မှ တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ နိုင်ငံရေး ဆွေးနွေးမှု ဆက်လုပ်သွားရန်တို့ ပါဝင်ပြီး အပစ်အခတ် ရပ်စဲရေးကို အဓိကထား ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယနေ့ နံနက်ပိုင်းတွင်လည်း အစိုးရ ကာကွယ်ရေးဝန်ကြီး ဌာနမှ ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုး၊ နယ်စပ်ရေးရာ ဒု-ဝန်ကြီး၊ မြောက်ပိုင်းတိုင်းမှူးတို့နှင့် KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ဦးလခရိလအောင် က ပြောသည်။

အစိုးရနှင့် KIO ဆွေးနွေးပွဲများသို့ တက်ရောက် လေ့လာနေသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားကလည်း ဒေသခံများနှင့် ယနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့သည်။ ကချင်အတိုင်ပင်ခံ အဖွဲ့ WMR၊ ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု WMR အတွင်းရေးမှူး ဆရာဂမ်အောင် က ပြောသည်။

“နမ်ဘီးယားက ကျနော်တို့ ကချင်တွေ လိုလားတဲ့အတိုင်း တနေ့ ဖြစ်လာမှာပဲ။ သူတို့ ကချင်အရေးမှာ ပါဝင်လာပြီ။ တခြား နိုင်ငံတကာကလည်း ကချင်အရေးကို စောင့်ကြည့်နေပြီဆိုပြီး ပြောတာ ကြားရတော့ ကောင်းလာမယ်လို့ မျှော်လင့်တယ်” ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ အမှုဆောင် ဆရာဇော်တောင် ကလည်း “ဒီဆွေးနွေးပွဲမှာ MC ဆိုတာ မရှိဘူး။ ဘာပဲလုပ်လုပ် အစိုးရလက်ထဲမှာပဲ ဖြစ်နေတယ်။ အဲဒါကို UN ကနေ လုပ်ပေးသင့်တယ် ဆိုပြီး တင်ပြသူတွေ ရှိတယ်။ ဆိုလိုတာက ဒိုင်လူကြီး လာလုပ်ပေးပါ ဆိုတဲ့သဘော။ နောက်ပြီး တခြားနိုင်ငံတကာကိုလည်း ဒီကချင်အရေးမှာ ပါဝင်လာအောင် ပြောပေးဖို့ တင်ပြကြတယ်” ဟု မဇ္စျိမကို ပြောသည်။

ဆက်လက်၍ မစ္စတာ နမ်ဘီးယားသည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရုံးတွင် KBC ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ထပ်မံ တွေ့ဆုံခဲ့သည်ဟု ဆွေးနွေးမှုတွင်ပါဝင်သူ လူငယ် ကိုဇိုင်းဒူ က ပြောသည်။

“ဒီငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဘယ်လိုနည်းနဲ့ ဝင်လာတယ်၊ ဘယ်လိုမြင်တယ် ဆိုတာတွေ သူ့ကိုမေး တယ်။ သူကတော့ သူ့ကို KIO က ဖိတ်လို့ လာတဲ့အတွက် ဘာမှ ပြောဆိုခွင့် မရဘူး။ ကျနော်တို့ UN က ဒီမှာ ပါဝင်တဲ့အတွက် UN မှာ ပါတဲ့ နို်င်ငံတွေလည်း ပိုသိလာမယ်။ ကောင်းတဲ့ အဖြေရနိုင်မယ်လို့ပြောပါတယ်” ဟု ပြောပြသည်။

KIO ခေါင်းဆောင်များကလည်း မွန်းလွဲပိုင်းတွင် ဘာသာရေးခေါင်းဆောင်များ၊ ကချင် အတိုင်ပင်ခံအဖွဲ့ WMR၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ခေါင်းဆောင်များနှင့် KIO ဆက်ဆံရေးရုံးတွင် ထပ်မံ တွေဆုံဆွေးနွေးကြသည်။

ယင်းနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်နေသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီ (UNFC) အဖွဲ့များနှင့် အခြား တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တရုတ် ပြည်သူသမ္မတနိုင်ငံ ကိုယ်စားလှယ် တို့မှာ အစိုးရ၏ အစီအစဉ်ဖြင့် ဧရာဝတီ မြစ်ဆုံသို့ သွားရောက်ခဲ့ပြီး ညနေပိုင်းတွင် KIO နှင့် ပြန်လည်တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

မေလ ၃၀ ရက်နေ့တွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် KIO ကိုယ်စားလှယ်များ ဆက်လက် ဆွေးနွေးကြမည်။

Most read this week