တောင်သူ လယ်သမား အသင်းသစ် ဖွဲ့မည့်အပေါ် လက်ရှိအသင်း ဥက္ကဋ္ဌ ကြိုဆို

တောင်သူ လယ်သမား အသင်းသစ် ဖွဲ့မည့်အပေါ် လက်ရှိအသင်း ဥက္ကဋ္ဌ ကြိုဆို
by -
မဇ္စျိမ

မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းဝင် တောင်သူအချို့က အသင်းသစ် ထူထောင်မည်ဆိုခြင်းကို ကန့်ကွက်ရန်မရှိဘဲ လိုအပ်သော အကူအညီများ ဆက်လက် ပေးသွားမည်ဟု လက်ရှိအသင်း ယာယီ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြောဆိုလိုက်သည်။

အသင်း၏ အတွင်းရေးမှူးဖြစ်သူ တောင်သူ ဦးသိန်းအောင် က မည်သည့်အသင်း၏ လက်အောက်ခံမှ မဟုတ်သော လွတ်လပ်သည့် တောင်သူ လယ်သမား အသင်းသစ်တခု ဖွဲ့စည်းရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍ ဒေါက်တာစိုးထွန်း အား မဇ္စျိမက မေးမြန်းရာတွင် ထိုသို့ ဖြေကြားသွားခြင်း ဖြစ်သည်။

“အသင်းအဖွဲ့ ဆိုတာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရှိတာပဲလေ။ အခု အသင်းသစ် ဖွဲ့မယ်ဆိုတဲ့ တောင်သူတွေကိုလည်း capacity building (စွမ်းဆောင်ရည်မြှင့်) သင်တန်းတွေ၊ နိုင်ငံခြား ခရီးစဉ်တွေ ပို့ပြီး စွမ်းရည်တွေ မြင့်လာအောင် နဂိုကတည်းက ကူညီကြတာပဲလေ။ နဂိုကတည်းကိုက တချိန်မှာ တောင်သူတွေ ကိုယ်တိုင် အသင်းကို လည်ပတ်နိုင်ဖို့ ရည်ရွယ်ထားတာပဲ။ အခု လွတ်လပ်တဲ့ အသင်း ဖွဲ့စည်းမယ်ဆိုတော့ လုပ်နိုင်တယ်ဆိုတာကို ကြိုဆိုပါတယ်။ လယ်သမားအသင်း ဆိုတာကလည်း တသင်းတည်း ရှိရမယ်လို့ မဟုတ်ဘူးလေ။ အများကြီး ရှိနိုင်တာပဲ။ အသင်းအဖွဲ့ဆိုတာ ဖွဲ့စည်းရတာတော့ လွယ်တယ်ဗျ။ activity (လှုပ်ရှားမှု)တွေ ဖြစ်မြောက်အောင် လုပ်ရတာတော့ ခက်တယ်” ဟု ဆိုသည်။   

လက်ရှိအသင်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ၊ ၁၆ ရက်တွင် ရန်ကုန်မြို့၊ ပန်ဒါ ဟိုတယ်၌ စတင်ဖွဲ့စည်းခဲ့ကာခြောက်လ ပြည့်သည့် အခါတွင် ယာယီအသင်း အဖြစ်မှ အမြဲတမ်း အသင်းအဖြစ် ဖွဲ့စည်းရန် ရွေးခြယ်ပွဲ လုပ်ရမည်ဖြစ်သော်လည်း မဆောင်ရွက်ဖြစ်ခြင်းမှာ တရားဝင် မှတ်ပုံတင် မကျသေး၍ ဖြစ်ကြောင်းဒေါက်တာစိုးထွန်း က ပြောသည်။

“တရားဝင် မှတ်ပုံတင် မကျသေးတော့ တချို့ဟာတွေက လုပ်လို့မရတာ ရှိတယ်။ ဒါကြောင့် ဗဟိုအလုပ် အမှုဆောင်တွေနဲ့ပဲ ခြောက်လပြည့်တဲ့ အချိန်မှာ အသင်းကို ထပ်မံ ရွေးကောက်လိုက်တာပါ” ဟု ပြောကြား သည်။      

အသင်းသစ် ဖွဲ့စည်းမည့် တောင်သူဦးသိန်းအောင် ကလည်း လက်ရှိ မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်း နှစ်ခြမ်းကွဲသွားခြင်း မဟုတ်ဘဲ လွတ်လပ်သည့် တောင်သူ လယ်သမား အသင်း ရှိခြင်းဖြင့်တောင် သူများ ၏ အကျိုးကို ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းသာ ဖြစ်ကြောင်း မဇ္စျိမကို ပြောကြားသည်။

“လယ်သမားအသင်း နှစ်ခြမ်းကွဲသွားပြီလို့ တချို့တွေ ရေးနေကြတာ မဟုတ်ပါဘူး။ တောင်သူ လယ်သမားတွေရဲ့လိုအပ်ချက်တွေ ကို ဒီထက်ပိုပြီး နိုင်ငံတော် အကြီးအကဲတွေဆီကို ထိထိရောက်ရောက် တင်ပြနိုင်ဖို့ ရည်ရွယ်တာပါ။ ဘယ် နိုင်ငံရေးပါတီ၊ မည့်သည့်အသင်း အဖွဲ့ရဲ့လက်အောက်မှာမှ မဟုတ်ဘဲ လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ဆိုတော့ အခြေအနေ စောင့်နေတဲ့သူတွေ ပါဝင်ဖို့ သဘောတူထားတာ လက်ရှိအင်အား တသိန်းကျော်ထက်တောင် များနေပါပြီ” ဟု ပြောဆိုသည်။

တောင်သူလယ်သမားအသင်းအား ဆန်စပါး အသင်းချုပ်၏ လက်အောက်ရှိ မိတ်ဘက် အသင်း တခုအဖြစ် စတင်ဖွဲ့စည်းခဲ့ကာ စတင်ဖွဲ့စည်းသည့် နေ့တွင်ပင် အသင်းဝင် ငါးသောင်းကျော် ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် တသိန်းကျော်ခန့် ရှိပြီကြောင်း သိရှိရသည်။

Most read this week