ဖားကန့် တနိုင်တပိုင် ကျောက်တူးသမားများအား အစိုးရတပ် မောင်းထုတ်

ဖားကန့် တနိုင်တပိုင် ကျောက်တူးသမားများအား အစိုးရတပ် မောင်းထုတ်
by -
မဇ္စျိမ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကျောက်စိမ်းမှော်များတွင် တနိုင်တပိုင် ရေမဆေးကျောက် တူးနေသူများ ဒေသခံ၏ တဲများ၊ စက်ပစ္စည်းများကို အစိုးရ စစ်တပ်က မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကာခြိန်းခြောက် နှင်ထုတ်လျက်ရှိကြောင်း ဖားကန့်မြို့ခံများက ပြောသည်။

ဖားကန့်မြို့နယ် ရှရော်ခ၊ မဲ့လင်ဂျောင်၊ မှော်စီဆာ၊ ဂွေခါ၊ မှော်လကင် စသည့် ကျောက်စိမ်း မှော်များတွင် ထိုကဲ့သို့ ဖြစ်ပျက်နေသည်ဟုဖားကန့်မြို့ခံ ကျောက်တူး သမားတဦးက ပြောသည်။

“နေ့တိုင်းလို စစ်တပ်က ကားနှစ်စီးနဲ့ လာပြီး မောင်းထုတ် ကျောက်တူးသမားတွေနေတဲ့ တဲတွေ မီးရှို့တာတွေ၊ ဆိုင်ကယ်၊ မီးစက်တွေ မီးရှို့တယ်။ ရွှေမှော်မှာ ရွှေတူးနေတဲ့ စက်တွေကို သိမ်းယူပြီး ရေထဲတွန်းထည့်ပေး တာတို့ မနေ့ကရော၊ ဒီနေ့ရော မောင်းထုတ်နေတာ။ မှော်တိုင်း လိုလိုပါပဲ စစ်တပ်က လုပ်နေပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ကျောက်စိမ်းကုမ္ပဏီများ ဝင်ရောက်လာမည်ဟု မျှော်လင့်သဖြင့် သာမန်ပြည်သူများ လုပ်ကိုင်ခွင့် မပြုသည့် သဘောဖြစ်သည်ဟု မြို့ခံ ကျောက်ရှာသူတဦးက ဆိုသည်။

“သူတို့ ပြန်သွားမှ ခိုးလုပ်စားနေကြတာ။ ကျနော်တို့က တခြားဘာမှ မလုပ်စားတတ်တော့ အုပ်ချုပ်တဲ့လူတွေ လည်း ကျနော်တို့ကို ဘာမှ မစဉ်းစားပေးဘူးလား ဆိုပြီး စိတ်မကောင်းစွာနဲ့ လုပ်ကိုင်စားသောက်နေရတယ်” ဟု မဇ္စျိမကို ပြောသည်။

ထိုသို့ စစ်တပ်မှ ပြုလုပ်နေခြင်းမှာ နယ်မြေစိုးမိုးရေး ပြုလုပ်နေခြင်း ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဖားကန့်မြို့နယ် တာဝန်ခံ ဦးခင်မောင်ချင်း က ဆိုသည်။

“အဲဒါက ကျောက်စိမ်း လုပ်ကွက်တွေထဲမှာ ဒီနယ်မြေခံတွေ တနိုင်တပိုင်လေးတွေ တူးနေကြတာ။ တချို့က လူ ၃၀၀၊ ၄၀၀ လောက် အုပ်စုလိုက် လုပ်နေတော့ သူတို့လည်း နယ်မြေစိုးမိုးရေး လုပ်တဲ့သဘော လုပ်တာပါ” ဟု ၎င်းက ယူဆသည်။

ဖားကန့်မြို့နယ်တွင် ၁၀၁ တပ်မ လက်အောက်ခံ တပ်ဖွဲ့များ လှုပ်ရှားသွားလာနေပြီး စစ်ကားနှစ်စီးဖြင့် နေ့စဉ် လှည့်လည်နေကာ ထိုသို့ ပြည်သူလူထုများ၏ ပစ္စည်းများ လုယူနေသည်ဟု ဒေသခံများထံမှ သိရကြောင်း ကချင်လွတ်လပ်ရေးတပ် KIA တပ်ရင်း ၆ တပ်ရင်းမှ ဒု-ဗိုလ်မှူး ဇော်ဒွဲက ပြောသည်။

“တနေ့ကပဲ နမ့်ဖျစ်ဘေးက ဥရုချောင်းနဘေးမှာ ရှိတဲ့ ရွှေမှော်မှာ ရွှေတူးနေတဲ့ ရွှေကျင်စက် အလုံး ၃၀ လောက် သိမ်းသွားပြီး မီးရှို့တယ်။ ပြည်သူတွေကို တွေ့ရင် ထိုင်ထ လုပ်ခိုင်း၊ ပိုက်ဆံ၊ ဖုန်းရှိရင် ဖုန်းယူသွားတယ်။ ဆိုင်ကယ်တွေ ယူသွား၊ ကျောက်ရှိရင် ကျောက်တွေ ယူသွားတယ်။ နေ့တိုင်းလိုပဲ” ဟု မဇ္စျိမကို ပြောသည်။

ဖားကန့်-မြစ်ကြီးနားကားလမ်း ဖားကန့်မြို့အဝင် ကျောက်ဖြာ ခုနှစ်မိုင်၊ လေပြင်၊ ကားမိုင်းအထက် မအူပင် စသည့် နေရာများတွင် ခရီးသည်များအား စစ်တပ်က မှတ်ပုံတင်စစ်ဆေးမှုများ ပြုလုပ်၍ ငွေကောက်ခံ မှုများလည်း ရှိနေသည်ဟု ဖားကန့်မြို့ခံ တဦးက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင် KIO တို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် အစိုးရဘက်မှ စစ်အင်အား အလုံးအရင်း နေရာယူထားခဲ့ရာမှ ယနေ့ထိ တပ်လျော့နည်းသွားခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။

Most read this week