သမီးဖြစ်သူ သေဆုံးမှုကို တိုင်ကြားသဖြင့် ဖခင်ဖြစ်သူ တရားရင်ဆိုင်နေရ

သမီးဖြစ်သူ သေဆုံးမှုကို တိုင်ကြားသဖြင့် ဖခင်ဖြစ်သူ တရားရင်ဆိုင်နေရ
by -
မဇ္စျိမ

သမီးဖြစ်သူ သေဆုံးမှုအား စုံစမ်းစစ်ဆေး ပေးရန် တိုင်ကြားမှု အပေါ် စစ်ဗျူဟာမှူးက မမှန်မကန် လိမ်လည် ရေးသား စွပ်စွဲသည်ဟု ဆိုကာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၁၁ ဖြင့် ပြန်လည်တရားစွဲ ခဲ့ရာ ရှေ့နေဌားခွင့်ပြုရန် တရားစွဲခံရသူ ဦးဘရန်ရှောင်က ယနေ့ရုံးချိန်းတွင် လျှောက်ထားခဲ့သည်။

“ဒီနေ့က အမှုစစ်ဆေးခြင်း မရှိသေးဘူး၊ ဦးဘရန်ရှောင်က ရှေ့နေငှားဖို့ ရက်ချိန်းပေးဖို့ တောင်းဆိုတယ်” - ဟု လဦးဘရန်ရှောင်၏ အမှုကူညီ ဆောင်ရွက်ပေးနေသူ ကချင်လူထုကော်မတီမှ လူငယ်တာဝန်ခံ ကိုလရိမ်ကပြောသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် အုပ်စု (၁) ဆွတ်ငိုင်ယန်ကျေးရွာ မှ အသက် ၁၄ နှစ်အရွယ် နဝမတန်း ကျောင်းသူ မဂျာဆိုင်အိန်အား ပစ်ခတ်ခဲ့သော တပ်ဖွဲ့အား စုံစမ်း စစ်ဆေး အရေးယူပေးရန် သမ္မတ ဦးသိန်းစိန်၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေးကော်မရှင် ဥက္ကဌလဒေါ်အောင်ဆန်းစုကြည်၊ နှင့်မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တို့ထံ ဖခင်ဖြစ်သူက ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားစာတွင် အင်အား ၈၀ ခန့်ပါဝင်သော ခလရ ၃၈၉ စစ်ကြောင်းသည် အခင်းဖြစ်ပွားသည့် နေ့ကမှော်ဝမ်းရပ်ကွက်တွင် နားနေခဲ့ပြီး ညနေပိုင်း ၄ နာရီခန့်တွင် ရွာပြင်ထွက်ရန် ပြင်ဆင်နေစဉ် ပေါက်ကွဲသံ ကြားသဖြင့် KIO တပ်များဟု ထင်မှတ်ကာ ယင်းရွာအတွင်း ပရမ်းပတာ ပစ်ခတ်ခဲ့သည်ဟု ဦးဘရန်ရှောင်၏ တိုင်ကြားစာတွင် ပါရှိသည်။

ထိုသို့ တိုင်ကြားမှုအပေါ် မတ်လ ၁၁ ရက်နေ့က ဒုတိယတန်း စစ်ဆင်ရေးမှူး ဗိုလ်မှူး ဇာနည်လင်းပိုက်မှ မမှန်မကန် တိုင်ကြားမှုဖြင့် ဦးဘရန်ရှောင်ကို စတင်တရားစွဲဆိုခဲ့ပြီး ဧပြီလ ၈ ရက်နေ့တွင် ဦးဘရန်ရှောင်အား ဖားကန့်မြို့နယ် တရားရုံးက ကျပ်ငွေ ၆ သိန်းဖြင့် အာမခံ ပေးခဲ့သည်။  

အခင်းဖြစ်ပွားသည့်နေ့က မဂျာဆိုင်းအိမ်နှင့်အတူ ဆရာမ ဒေါ်နန်ဆန့် အပါအဝင် ကျောင်းသူ လေးဦးတို့က ကျောင်းအပြန်တွင် ပစ်ခတ်သံများကြောင့် လမ်းဘေးတနေရာတွင် ပုန်းအောင်းနေစဉ်အားလုံးထွက် လာရန်ခြိမ်းခြောက်သဖြင့် ထွက်လာစဉ် မဂျာဆိုင်အိန်၏ နောက်တင်ပါးအောက်တွင် ကျည်ဆံထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဦးဘရန်ရှောင်က ယခင်က မဇ္စျိမကို ပြောဆိုခဲ့သည်။

ထိုတိုင်ကြားစာကို ကော်မရှင်က လက်ခံရရှိသဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ တင်ပြပေးခဲ့ပြီး ဖြစ်သော်လည်း ယနေ့ထိ မည်သည့် တု့ံပြန်မှုမှ မရှိသေးကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောသည်။

 “ဒီကျောင်းသူသေတာနဲ့ ပတ်သက်လို့ အန်ကယ်တို့ကတော့ refer (လွဲပြောင်းပေး) ဆက်လုပ်တဲ့အပိုင်း ဘဲရှိတယ်။ အန်ကယ်တို့က လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့ဘဲ၊ လုပ်ငန်းစဉ် (procedure)အတိုင်းသွားရတယ်။ အဲဒါနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်း ဌာနဆိုင်ရာတွေက အန်ကယ်တို့ဆီကို reply မရသေးဘူး။ ရတော့ ရခဲတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကော်မရှင်၏ ကချင်ပြည်နယ် ခရီးစဉ်တွင် ၄င်းကိစ္စ သွားရောက် စုံစမ်းရန် ဖားကန့်မြို့သို့ လူ့အခွင့်အရေး အခြေအနေများ သွားရောက်စုံစမ်းလိုသော်လည်း လုံခြံုရေး စိုးရိမ်ရသဖြင့် မသွားနိုင်ခဲ့ကြောင်း သူက ဆိုသည်။

ကံယံကံရှင် ဦးဘရန်ရှောင် တဦးတည်း အမှု မရင်ဆိုင်နိုင်သဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD၊ ရိုမန်ကက်သလစ်၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC၊ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ စသည့်တို့မှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော ကချင်လူထုကော်မတီကို ပြီးခဲ့သည့် မတ်လာက ဖွဲ့စည်း၍ ကူညီဆောင်ရွက်ပေးနေသည်ဟု တာဝန်ခံ ကိုလရိန်က ပြောသည်။

“ဒီကိစ္စက သူ့မိသားစုအရေးဘဲ မဟုတ်ဘူး။ လူထုနဲ့ သက်ဆိုင်တဲ့အတွက် ကျနော်တို့က ခုလို လူထုနဲ့ သက်ဆိုင်တဲ့ အတွက် လူထုနဲ့ ဖြေရှင်းရင် ပိုသင့်တော်တယ်ဆိုပြီး ကျနော်တို့ ကော်မတီဖွဲ့ပြီးကူညီနေတာ ပါ”ဟု သူက မဇ္စျိမကို ပြောသည်။

လာမည့် မေလ ၆ ရက်နေ့မှာ ရုံးချိန်းထပ်မံ ပေးထားသည်ဟု သိရသည်။

Most read this week