မတ်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည့် သမ္မတ၏ မိန့်ခွန်းတွင် ပါရှိသည့် တရားဥပဒေ စိုးမိုးရေးတွင် အဓိက တာဝန်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဥပဒေနှင့်အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည့် အပေါ် လက်အောက်ခံ အဖွဲ့အစည်းများက လိုက်လံ လုပ်ဆောင်ရန် လိုကြောင်း ဘာသာရေးခေါင်းဆောင် အချို့က ထောက်ပြခဲ့သည်။
အစ္စလာမ် သာသနာရေးကောင်စီ ဥက္ကဌ ဦးညွှန့်မောင်သျှိန်က “သမ္မတကြီး ပြောတဲ့အတိုင်းလိုက်ပြီး အောက်က အဖွဲ့အစည်းတွေက လိုက်လုပ်မှပဲ အဆင်ပြေနိုင်မယ်။ သမ္မတကြီး အမိန့်ရှိတဲ့ အတိုင်းကို အောက်က လိုက်လုပ်မယ်ဆိုရင် အဓိကရုဏ်း အတွက်ဘာမှ စိုးရိမ်စရာမရှိပါဘူး” ဟု ဆိုသည်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော အဓိကရုဏ်းများအား ရပ်တန့်ကာ ငြိမ်းချမ်းရေးကို အမြန်လိုလားကြောင်း ဦးညွှန့်မောင်သျှိန်က ဆက်လက်ပြောခဲ့သည်။
ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် သမ္မတပြောဆိုသည့်အတိုင်း သတ္တိရှိရှိ ရဲရဲဝံ့ဝံ့လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပေး ပြောဆိုခဲ့သည်။
အဓိကရုဏ်းဖြစ်စဉ်များတွင် ရဲဝန်ထမ်းများသည် အထက်မှ အမိန့် ညွှန်ကြားချက်အား စောင့်ဆိုင်းမှုများ ရှိနေခြင်းကြောင့် အချိန်မှီ တားဆီးမှု မပြုလုပ်နို်င်ခဲ့ကြောင်း ရွှေညဝါဆရာတော်ကြီးက မိန့်သည်။
ဆရာတော်ကြီးက “ အထက်အမိန့် စောင့်ရင်းစောင့်ရင်းနဲ့ ရှေ့က ဖျက်ဆီးနေတာကို ရပ်ကြည့်နေတော့ ဘုန်းဘုန်းတို့က တွေးစရာဖြစ်လာတယ်လေ။ အချိန်မှီ တားဆီးရင် ဒီဟာကြီးက မကြီးထွားနိုင်ဘူး” ဟု မိန့်ကြားသည်။
အဓိကရုဏ်းများ မဖြစ်ပွားမီ ညှိနှိုင်းမှုနှင့် ထိန်းသိမ်းနိုင်ပါက အကြမ်းဖက် ဖမ်းဆီးမှုများ လုပ်စရာမလိုကြောင်း ကာကွယ်ရေးနှင့် လုံခြံုရေး အဖွဲ့မှ လုပ်ဆောင်နေခြင်းများတွင် နှင့်ပတ်သတ်၍ နှောင့်နှေးနေမှုအပေါ် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တဦးဖြစ်သူ အဲလ်ဟချ် ဦးအေးလွင်က ဝေဖန်ထောက်ပြခဲ့သည်။
၎င်းက “တွေ့ရတယ်။ ဒေသဆိုင်ရာ အုပ်ချူပ်ရေးတွေလည်း လိုတယ်။ အဓိကရုဏ်းကို လုပ်ဆောင်တဲ့သူတွေ လာတယ်။ ဘယ်ကလာတယ်ဆိုတာ သူတို့သိနိုင်ပါတယ်။ အဲဒါကို တားဆီးမှု မရှိဘူး။ သွားရောက်ဆွေးနွေးမှု မရှိဘူး” ဟု ဆိုသည်။
ရွှေအရောင်းအဝယ် ပြုလုပ်ရာမှ စတင်ဖြစ်ပွားခဲ့သည့် မိတ္ထီလာ အဓိကရုဏ်းမှ စတင်သော နောက်ဆက်တွဲ ပဋိပက္ခများဂယက်သည် ပဲခူးတိိုင်း အနောက်ခြမ်းရှိ ဇီးကုန်း၊နတ္တလင်း၊ အုတ်ဖို၊ ကြို့ပင်ကောက် အစရှိသော မြို့များသို့ ကူးစက်ပျံ့နှ့ံခဲ့သည်။
ထိုသို့ ပြန့်နှ့ံခဲ့ပြီးနောက်အစိုးရအနေနှင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးသည့် လုပ်ရပ်မှန် သမျှကို လက်သင့်ခံမည် မဟုတ်ပဲ လိုအပ်လျှင် မြို့ပြအင်အားသုံး၍ ထိထိရောက်ရောက်နှိမ်နင်းသွားမည်ဖြစ် ကြောင်း သမ္မတမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။