ရခိုင်အမျိုးသမီးများလည်း နိုင်ငံ့ ထိပ်တန်းခေါင်းဆောင် ဖြစ်နိုင်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က ပြောကြားလိုက်သည်။
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အာရက္ခဖောင်ဒေးရှင်းရုံး၌ မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက ကျင်းပသော ရခိုင်အမျိုးသမီး ခေါင်းဆောင်များ အရည်အသွေးမြှင့် သင်တန်းဆင်းပွဲ အပြီးတွင် ဖောင်ဒေးရှင်း နာယကလည်း ဖြစ်သည့် ဦးအေးသာအောင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ခေါင်းဆောင် အရည်အသွေးမြှင့် သင်တန်း သုံးခု လုပ်ခဲ့ရာမှာ ဒီသင်တန်းကို ပထမဆုံး အမျိုးသမီးသီး သန့်လုပ်ခဲ့ ရတာက ရခိုင်အမျိုးသမီးတွေလည်း နိုင်ငံခေါင်းဆောင် သမ္မတ ဖြစ်နိုင်တာပဲ။ ရခိုင်ပြည်နယ်မှာ လူဦးရေ ထက်ဝက် ကျော်ဟာ အမျိုးသမီးတွေ ဖြစ်နေတာရယ်၊ နောက်တချက်က အရင်က သင်တန်းခေါ်လိုက်ရင် အမျိုးသား အများစုပဲ ရောက်လာတဲ့အတွက် အခုလို အမျိုးသမီး သီးသန့် ခေါ်ရတာ ဖြစ်တယ်။
သူတို့တွေရဲ့ကိုယ်ရည်ကိုယ်သွေးတွေကို နိုင်ငံရေးအပါအဝင် နယ်ပယ်ကဏ္ဍအသီးသီးမှာ ပါဝင်ဆောင် ရွက်နိုင်ဖို့ ကျနော်တို့က ပံ့ပိုးပေး ကြရပါမယ်” ဟု မဇ္စျိမကို ပြောသည်။
မတ်လ ၁၂ ရက်နေ့မှ စတင်ခဲ့သည့် သင်တန်းတွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်နှင့် ဧရာဝတီတိုင်း အမာမြို့နယ်တို့မှ သင်တန်းသား ၂၁ ဦး တက်ရောက်ကာ စာရေးဆရာမ ဂျူး၊ ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ (ဒေါ်) ဆွေဇင်ထိုက် တို့အပါအဝင် တိုင်းရင်းသား သင်တန်း ဆရာ/ဆရာမ ၁၀ ဦးတို့က ကူညီသင်ပြပေးခဲ့ခြင်း ဖြစ်သည်။
“အမျိုးသမီးတွေ မဖြစ်မနေ လုပ်ရမယ့် တာဝန်တွေ၊ အမျိုးသမီးအခွင့်အရေးတွေ၊ သူတို့နဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာ ဥပဒေတွေ၊ မီဒီယာလုပ်ငန်းတွေ၊ အိမ်မှုလုပ်ငန်းတွေ ဖြစ်တဲ့ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အဖျော်ရည် လုပ်နည်းတွေက အစ ပို့ချသင်ကြား ပေးပါတယ်” ဟု ဆွေဇင်ထိုက် က ဆိုသည်။
သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဦးအေးသာအောင် က “တပါတီ အာဏာရှင် အောက်မှာ နိုင်ငံရေးလုပ်ခွင့် လုံးဝ မရခဲ့ဘူး။ တိုင်းရင်းသားတွေအနေနဲ့က ပိုဆိုးတယ်။ ရခိုင်အမျိုး သမီးတွေဆို အဆိုးဆုံးပေါ့။ ဒါကြောင့် ရခိုင်လူငယ်တွေ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာဖို့၊ နိုင်ငံရေးပါတီတွေမှာ တက်တက်ကြွကြွ ဝင်ရောက်လုပ်ကိုင်လာဖို့အတွက် ဒီသင်တန်းတွေကို ကျနော်တို့ ဖွင့်ပေးနေတာပါ” ဟု ပြောဆိုသည်။
အခမ်းအနားတွင် နာယက ဦးအေးသာအောင် အပြင် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဒေါ်စောခင်တင့်၊ အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်မေအောင်တို့က ရခိုင်သမိုင်းနှင့် ရခိုင် အမျိုးသမီးများအကြောင်းကို ဟောပြော ဆွေးနွေးခဲ့ကြသည်။
သင်တန်းအတွက် ကုန်ကျစရိတ်များကို အမေရိကန်ရောက် အာရက္ခ၏ နိုင်ငံတကာ ကိုယ်စားလှယ် ဒေါက်တာ အရှင်နာယက မှ တာဝန်ယူ ဆောင်ရွက်ပေးပြီး အလားတူ သင်တန်းများ ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဟု လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ဝင် ဦးမျိုးကျော်က ပြောသည်။
အာရက္ခဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်မှစ၍ လူငယ် အရည်အသွေး မြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးသူများ ပညာသင် ထောက်ပံ့ရေး၊ မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ရေး၊ ဘေးအန္တရာယ်ကျရောက်ရာ ဒေသများသို့ ထောက်ပံ့ လှူဒါန်းရေး တို့ကို လုပ်ဆောင်ရန် အာရက္ခဖောင်ဒေးရှင်းကို ပြည်တွင်းပြည်ပရှိ ရခိုင်လူမျိုးများက ဖွဲ့စည်းထားခြင်း ဖြစ်သည်။