ကျုံးပတ်လည်နှင့် ကန်တော်ကြီးအပြင် လမ်းမကြီးများတွင်ပါ မဏ္ဍပ်များ ခွင့်ပြုမည်

ကျုံးပတ်လည်နှင့် ကန်တော်ကြီးအပြင် လမ်းမကြီးများတွင်ပါ မဏ္ဍပ်များ ခွင့်ပြုမည်
by -
မဇ္စျိမ

ယခုနှစ် အတာသင်္ကြန်တွင် မန္တလေးမြို့အနှံ့ စည်ကားစေရန် ကျုံးပတ်လည်နှင့် ကန်တော်ကြီး အပြင် မြို့နယ်အလိုက် လမ်းမကြီးများတွင်လည်း မဏ္ဍပ်များ ဆောက်လုပ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီက ဆိုသည်။

“သင်္ကြန်မဏ္ဍပ် ဆောက်လုပ်တာနဲ့ ပတ်သက်ပြီး ငွေကြေးပေးသွင်းစရာ မလိုတော့ဘဲ သင်္ကြန်မဏ္ဍပ်တွေ ရေရဖို့ကို လည်း ဆောင်ရွက်ပေးသွားမှာပါ” ဟု မန္တလေး စည်ပင်ကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

လမ်း ၃၀၊ ၃၅ လမ်း၊ သိပ္ပံလမ်းနှင့် မြို့ပတ်လမ်း၊ ၆၂ လမ်း၊ ရ၃ လမ်း၊ ရ၈ လမ်း၊ လမ်း ၈၀၊  ၈၄ လမ်း၊ ၈၆ လမ်း မကြီးများနှင့် အခြားယာဉ် လမ်းကြောင်း ပိတ်ဆို့မှု မရှိနိုင်သည့် နေရာများ ပါဝင်သည်။

ယခင်နှစ်က ကြံုတွေ့ခဲ့ရဖူးသည့် အခက်အခဲများ ယခုနှစ်တွင် ပြုပြင်ဆောင်ရွက်သင့်ကြောင်း မဏ္ဍပ်ဆောက်ခဲ့ဖူးသူ များက ဆိုသည်။

“အရင်နှစ်တွေက မဏ္ဍပ်ဆောက်ရင် အာမခံကြေး ၅ သိန်း သွင်းရတယ်။ ပြီးရင် ပလက်ဖေါင်းတွေ ပျက်တယ်၊ ပလက်ဖေါင်း ပြင်ရမယ်ဆိုပြီး အာမခံကြေး ပြန်မထုတ်ပေးတော့ဘူး။ ထင်သာမြင်သာ ခေတ်မှာ တကယ်ပဲ ငွေကြေးပေးသွင်းစရာ မလိုဘူးဆိုတာ စောင့်ကြည့်ရဦးမှာပါ” ဟု ယခင်နှစ်က မဏ္ဍပ် ဆောက်လုပ်ခဲ့သူ လမ်း ၈၀ မှ ဦးမြကြိုင် က ဆိုသည်။

ထို့ပြင် ၂၀၁၂ ခုနှစ်၊သင်္ကြန်ကာလတွင် တောင်ဘက်ကျုံး၌ မဏ္ဍပ် ၁၇ ခုရှိခဲ့ရာ ၁၀ နေရာ အတွက်ပင် လူ ရ၃ ဦး မဲနှိုက်ခဲ့ရသည်ဟု ဆိုသည်။

မန္တလေးမြို့တွင် ငါးနှစ် ဆက်တိုက် မဏ္ဍပ်ဆောက်လုပ် ဆင်နွှဲခဲ့သော မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း မန္တလေးဇုန် ဥက္ကဋ္ဌ ဦးမြင့်အောင် က “အသင်းချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ မန္တလေးဇုန် အနေနဲ့ မတ်လ ၁၈ ရက်အထိ လမ်းညွှန်ချက် ရောက်မလာတော့ ဒီနှစ် လုပ်ဖို့ မသေချာပါဘူး။ မနှစ်ကတော့ စပိန်၊ အမေရိကန်၊ တရုတ်၊ ထိုင်း စတဲ့ လူမျိုးတွေ သင်္ကြန်နဲ့ ချိန်ကိုက် ဝင်လာတာ တွေ့ရတယ်။ နိုင်ငံခြားသားထက် သင်္ကြန်မှာ မြန်မာလူမျိုးတွေ မန္တလေးကို ပိုဝင်လာတာ တွေ့ရတယ်” ဟု ပြောသည်။