နေ့စဉ်သတင်းစာ လျှောက်ထားသူများအနက် ၈ စောင်ကို ထုတ်ဝေခွင့်ပြုလိုက်

နေ့စဉ်သတင်းစာ လျှောက်ထားသူများအနက် ၈ စောင်ကို ထုတ်ဝေခွင့်ပြုလိုက်
by -
မဇ္ဈိမ

လာမည့် ဧပြီလ ၁ ရက်နေ့မှစ၍ ပုဂ္ဂလိကနေ့စဉ် သတင်းစာများ ထုတ်ဝေခွင့်ပြုမည်ဟု ကြေညာပြီး နောက် လျှောက်ထားကြသည့် ၁၀ စောင်ကျော် အနက်မှ အချက်အလက်နှင့် ပြည့်စုံသည့် သတင်းစာ ၈ စောင်ကို ယာယီ ထုတ်ဝေခွင့်ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးထံမှ သိရသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စတင်လျှောက်ထားခွင့်ပြုသည့်ချိန်မှ စ၍ ပြီးခဲ့သည့် ရက်ပိုင်းအထိ လျှောက်ထားသူ ၁၇ ဦးရှိရာတွင် အချက်အလက် ပြည့်စုံသည့် ခေတ်မိုး၊ ပြည်ထောင်စုနေ့စဉ်၊ ရွှေနိုင်ငံသစ်၊ အင်ပါယာ၊ The Messenger ၊ မဇ္စျိမ၊ မြန်မာနယူးစ်ဝိခ်၊ နောက်ဆုံးရနေ့စဉ်သတင်းစာ စသည့် သတင်းစာ ၈ စောင်အား ယာယီ ထုတ်ဝေခွင့် ပြုလိုက်ခြင်း ဖြစ်သည််။

အခြားလျှောက်ထားသူများမှာ အချက်အလက်အချို့ လိုအပ်နေခြင်းကြောင့် ၎င်းတို့ထံ ဆက်သွယ်အသိ ပေးကာ သတင်းစာ စတင်ထုတ်ဝေမည့် ဧပြီ ၁ ရက်နေ့ မတိုင်မီ လိုအပ်ချက်များ ဆက်သွယ်ပေးပို့ရန် အသိပေးမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနမှ ပြောသည်။

နှစ်ပေါင်း ၄၀ ကျော်ကြာ ထုတ်ဝေခွင့် မရခဲ့သည့် ပုဂ္ဂလိကပိုင် နေ့စဉ် သတင်းစာများ ပြန်လည်ထုတ်ဝေခွင့် ရလာတော့မည့်အပေါ် မီဒီယာလောကမှ လူအများ စိတ်ဝင်စားနေချိန်တွင် ယခုကဲ့သို့ ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်သည်။

သတင်းစာလျှောက်ထားသူများအနက်မှ ထုတ်ဝေခွင့်ရရှိသူအချို့ကို ယခုလို အသိပေးခြင်း မပြုမီ ရက်ပို်င်း အလိုတွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ကြေညာခဲ့သည်။

ယင်းဥပဒေမူကြမ်းတွင် ထုတ်ဝေသူများသာမက ပုံနှိပ်သူများပါ မှတ်ပုံတင် လျှောက်ထားရမည် ဖြစ်ကာ မှတ်ပုံတင်ခွင့်ပြုပြီးနောက် သတ်မှတ် သက်တမ်း ကာလ ထားရှိမည့် အချက်များ ပါဝင်သည်ကို တွေ့ရသည်။