ချင်းအမျိုးသာနေ့ နယူးဒေလီတွင် နှစ်နေရာ ကျင်းပ

ချင်းအမျိုးသာနေ့ နယူးဒေလီတွင် နှစ်နေရာ ကျင်းပ
by -
မဇ္ဈိမ

၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် နေရာ နှစ်နေရာ၌ ကျင်းပခဲ့ကြသည်။

ချင်းကျောင်းသားများ သမဂ္ဂ (CSU)မှ ဦးဆောင်ပြီး ဧည့်ပရိသတ် တထောင်ကျော် တက်ရောက်သည့် အခမ်းအနားကို မြန်မာနိုင်ငံသား အများစု နေထိုင်ရာ ရပ်ကွက်များနှင့် နီးသည့် Asalatpur ရပ်ကွက်တွင် ကျင်းပခဲ့ကြသည်။

“ကျမတို့ လူမျိုးအတွက် တနှစ်မှာတခါ ပျော်ရွှင်တဲ့ ပွဲ၊ စည်းလုံးညီညွှတ်တဲ့ ပွဲ၊ ကျမ နှစ်သက်တဲ့ ပွဲလည်း
ဖြစ်ပါတယ်။ မြန်မာပြည်က အဖေ၊ အမေ တွေကိုလည်း သတိရပါတယ်။ သူတို့တတွေ မြန်မာပြည်မှာဆိုရင် ဘယ်လိုပျော်မလဲလို့ ခံစားရပါတယ်” ဟု ဒိုင်းနက် အမျိုးသမီးငယ် မကျင်စနင်း က သူ၏ ခံစားချက်ကို ပြောပြသည်။

“ဆယ်စုနှစ် ပေါင်းများစွာ စစ်အစိုးရမှ ပိတ်ပင်၊ တားမြစ်ခြင်းခံခဲ့ရသော ချင်းအမျိုးသားနေ့သည် လက်ရှိအစိုးရသစ် လက်ထက်တွင် ပထမဦးဆုံး ပြန်လည်ကျင်းပခွင့်ပြုခြင်းကို ချင်းကျောင်းသားများ သမဂ္ဂ အနေဖြင့် ကြိုဆိုပါသည်” ဟု ၎င်းတို့၏ ကြေညာချက်တွင် ရေးသားထားသည်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖလမ်းမြို့တွင် ကျင်းပသော ချင်းပြည်သူ့ ညီလာခံကြီးတွင် ချင်းအမျိုးသားများ၊ မင်းမျိုးမင်းနွယ်စုများ အားလုံး ထောင်ကျော်တက်ရောက်၍ ပဒေသရာဇ် (တောင်ပိုင်) စနစ်အစား ခေတ်သစ် ဒီမိုကရက်တစ်စနစ်ကို ပြောင်းလဲကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ဇိုမီးအမျိုးသားများက ဦးဆောင်ကျင်းပသည့် Zomi Nam Ni ချင်းအမျိုးသားနေ့ကို နယူးဒေလီမြို့ထဲရှိ INA Colony တွင် ကျင်းပရာ ဧည့်ပရိသတ် ၃,၀၀၀ နီးပါး တက်ရောက်ခဲ့သည်။

အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်နာ မင်းကြီး Shri H.S. Brahma တက်ရောက်အားပေး မိန့်ခွန်း
ပြောကြားခဲ့သည်။

စော်ဘွားခေတ် အုပ်ချုပ်မှုကို ပြည်သူတွေ စည်းလုံးညီညွှတ်စွာ တော်လှန်ဖြိုချခဲ့ သည့် ဒီနေ့ထူးနေ့မြတ်ကို
နောင်လာနောက်သားများ မမေ့ပျောက်စေရန် ကျင်းပရခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့ Zomi National Day ချင်းအမျိုးသားနေ့ပေါ့။ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်က ကမ္ဘာအနှံ့အပြား
ရောက်ရှိနေတဲ့ ဇိုမီးတွေက ကိုယ့်အမျိုးသားနေ့ကို မမေ့ဖို့ပါ” ဟု ဇိုမီးအမျိုးသား ပြန်လည် စည်းလုံးညီညွှတ်ရေးအဖွဲ့ (ZRO) မှ ကိုမင်းထန်က မဇ္စျိမ ကို ပြောသည်။

အခမ်းအနားများတွင် ဝါးညှပ်အကနှင့် အခြား ရိုးရာအကများ၊ ရိုးရာ သီချင်းများဖြင့် ဖျော်ဖြေကာ မျိုးနွယ်စု ရိုးရာ အဝတ်အစားများ ပြသပြီး ရိုးရာကိုယ်ခံပညာရပ်များ ဖော်ကျူးပြသ တင်ဆက်ခဲ့သည်။

နယူးဒေလီမြို့တွင် မြန်မာနိုင်ငံသား ဒုက္ခသည် အများစုမှာ ချင်းတိုင်းရင်းသားများ ဖြစ်ကြပြီး ခန့်မှန်းဦးရေ ၅,၀၀၀ ခန့် ရှိနေကြသည်။

၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပခဲ့သည့် ချင်းအမျိုးသားနေ့ကို ထိုအချိန်က ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင်တက်ရောက်ကာ တရားဝင်ရုံးပိတ်ရက် အဖြစ်သတ်မှတ်ပေးခဲ့သည်။

သို့သော် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ စတင်ကာ ချင်းပြည်နယ်နေ့အဖြစ်သာ တောက်လျှောက် ကျင်းပလာခဲ့ရကာ ယခုနှစ်မှသာ ချင်းအမျိုးသားနေ့အဖြစ် ကျင်းပနိုင်ခွင့်ရခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်မှ စ၍ လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သည့် ချင်းအမျိုးသား တပ်ဦး (CNF) နှင့် မြန်မာအစိုးရတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အလားတူ ချင်းအမျိုးသားနေ့ အခမ်းအနာများကို ရန်ကုန်၊ နေပြည်တော်နှင့် ချင်းပြည်နယ်မြို့တော် ဟားခါး တွင်လည်း ကျင်းပခဲ့ကြသည်။

Most read this week