မြန်မာနိုင်ငံမှ ဆန်များကို ပြည်ပနိုင်ငံများသို့ လက်ရှိဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၁၅၀,၀၀၀ တင်ပို့သွားနိုင်ရန် မျှော်မှန်းထား၍ ကမ္ဘာ့ ဆန်တင်ပို့မှု အများဆုံး နိုင်ငံများထဲတွင် ပဥ္စမနေရာသို့ ရောက်ရှိလာနိုင်ခြေရှိကြောင်း ဆန်စျေးကွက် စောင့်ကြည့် လေ့လာသူများထံမှ သိရသည်။
“ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာ လကုန်အထိ ဆန်နှင့် ဆန်ထွက်ပစ္စည်း တန် ၁.၀၁ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ အဲဒီနောက် ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ် သုံးလအတွင်း ဆက်လက် တင်ပို့မှုတွေနဲ့ ပေါင်းလိုက်ရင် ဘဏ္ဍာနှစ်ကုန်မှာ ဆန်တန်ချိန် ၁၅၀,၀၀၀ တင်ပို့နိုင်မယ် မှန်းထားပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတဦးက ပြောသည်။
မြန်မာနိုင်ငံမှ ဆန်များကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ပင်လယ်ရေကြောင်းလမ်းအပြင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများကပါ တင်ပို့ရောင်းချလျက်ရှိသည်။
“ဒီနှုန်းအတိုင်း ဆန်တန် ၁၅၀,၀၀၀ ပို့နိုင်မယ်ဆိုရင် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး နိုင်ငံတွေရဲ့ စာရင်းမှာ နံပါတ် ၉ နေရာကနေ ဥရုကွေး၊ ကမ္ဘောဒီးယား၊ ဘရာဇီး နိုင်ငံတွေကို ကျော်ပြီး ပဥ္စမ နေရာကို ရောက်ရှိလာနိုင်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာစိုးထွန်း က ပြောသည်။
ထို့အပြင် “ဂျပန် အစိုးရက ခေါ်ယူတဲ့ ဆန်ဝယ်ယူတင်သွင်းမယ့် တင်ဒါမှာ မြန်မာ လယ်ယာစီးပွား အများပိုင် ကော်ပိုးရေးရှင်းနဲ့ မစ်ဆူရီ ကုမ္ပဏီတို့ ပူးပေါင်းပြီး ဆန်တန်ချိန် ၅,၀၀၀ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် ၁၀ မှတ်ဆန် တန် ၅,၀၀၀ ကို မတ်လ အကုန်မှာ တင်ပို့သွားပါမယ်” ဟု ဒေါက်တာ စိုးထွန်း က ဆက်လက်ပြောဆိုသည်။
၂၀၁၃ ခုနှစ်၊ မတ်လအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ငါးသိန်း တင်ပို့ ရောင်းချရန်အတွက် လက်မှတ်
ရေးထိုးရန် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမှ ဆန်များကို အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရ်ှ့၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ရုရှားနှင့် အာဖရိက နိုင်ငံများသို့
ရေကြောင်းလိုင်းမှ တင်ပို့လျက်ရှိပြီး တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့မူ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှ တဆင့် အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။