၁၉၈၈ ခုနှစ်၊ အာဏာသိမ်း စစ်အစိုးရက ကနဦး ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၂/၈၈ ကို လက်ရှိနိုင်ငံတော်သမ္မတ က အမိန့်အမှတ် ၂/၂၀၁၃ ဖြင့် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ထိုအမိန့် အမှတ် ၂/၈၈ သည် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေပုဒ်မ ၄၄၇ နှင့် ဆန့်ကျင်နေသဖြင့် သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
“ဒီဥပဒေကို ပယ်ဖျက်ပြီး နောက်ဆက်တွဲ အကျိူးဆက်ကတော့ အရပ်သားအုပ်ချူပ်မှု အစစ်ဖြစ်တာပေါ့။ ဒါဥပဒေ သဘောအရပါ။ ကျနော့်အမြင်ကတော့ လုပ်ရင်းကိုင်ရင်းနဲ့ ဖျက်သင့်တဲ့ဟာကို မဖျက်ဘဲ ကျန်တာလို့ပဲ မြင်ပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က မဇ္စျိမကို ပြောသည်။
၂/၈၈ တွင် ည ၈ နာရီမှ မနက် ၄ နာရီအထိ မည်သူမဆို အမိန့်တစုံတရာမရှိဘဲ လမ်းပေါ်သို့ မထွက်ရန်၊ လူငါးယောက်နှင့် လူငါးယောက်အထက် ပို၍ လမ်းများပေါ်တွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်း မည်သူမျှ မပြုလုပ်ရန်၊ မည်သည့် နေရာတွင်မျှ သပိတ်စခန်းဖွင့်ခြင်း၊ လူစုလူဝေးဖြင့် ပိတ်ဆို့ဆန္ဒပြခြင်း မည်သူမျှ မပြုလုပ်ရန်၊ လုံခြံုရေး တာဝန် ထမ်းဆောင်နေသူများကို မည်သည့်နည်းလမ်းဖြင့်မျှ နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း မည်သူမျှ မပြုလုပ်ရန် တို့ ပါဝင်သည်။
“အမတို့ ခေတ်က ဒီအမိန့်ကြောင့် ထောက်လှမ်းရေးတွေ အနောက်က အလိုက်ခံရတယ်။ လက်ဘက်ရည်ဆိုင် ထိုင်တာတောင်မှ ငါးယောက်ကျော်ရင် အဖမ်းခံရတယ်။ အိမ်မှာ ငါးယောက်ထက် ပိုနေရင် အိမ်ပေါ်တက်ပြီး ဝင်ရှာတယ်။ အိမ်ပေါ်တက်ပြီး ဖမ်းတယ်။ ဒီအမိန့်ကြောင့် ဆိုးဆိုးရွားရွား ခံခဲ့ရတယ်။ ခုမှ ဒီအမိန့်ကို ပယ်ဖျက်လိုက်တယ် ဆိုတော့ နောက်တောင် ကျနေပါသေးတယ်” ဟု ၈၈ မျိူးဆက် ကျောင်းသားများအဖွဲ့မှ မသက်သက်အောင် က သုံးသပ် ပြောဆိုသည်။
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရတက်လာပြီးနောက် မြန်မာနိုင်ငံတွင် လက်ရှိ အခြေအနေနှင့်မကိုက် ညီတော့သဖြင့် ဖျက်သိမ်းသင့်သည့် ဥပဒေပေါင်း ၂၀၀ ကျော်ရှိနေကြောင်း လွှတ်တော်ဥပဒေကြမ်းကော်မတီ မှ ကော်မတီဝင်တဦးက ယမန်နှစ်က ပြောဆိုခဲ့သည်။
အလားတူ ယင်းသို့ ဖျက်သိမ်းသင့်သည့် ဥပဒေများ စိစစ်ဖျက်သိမ်းမှုအပိုင်းတွင် မြန်မြန် ဆန်ဆန်လုပ်ဆောင် ဖို့ လိုအပ်ကြောင်း တရားရေးဝန်ထမ်းဟောင်းတဦးက ထောက်ပြ ဝေဖန်ခဲ့သည်။