AAPP-B အထွေထွေ အတွင်းရေးမှူးများ မြန်မာပြည်ပြန်လာမည်

AAPP-B အထွေထွေ အတွင်းရေးမှူးများ မြန်မာပြည်ပြန်လာမည်
by -
မဇ္ဈိမ

ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ (AAPP-B) မှ အထွေထွေအတွင်းရေးမှူး ကိုတိတ်နိုင်နှင့် တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်တို့ နှစ်ဦးသည် ဇန်နဝါရီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။

"အဓိကကတော့ ကိုယ့်အစီ အစဉ်နဲ့ကိုယ် သွားတာပါ၊ ကျွန်တော်တို့ကို Black List က ပယ်ထားတယ် ဆိုတဲ့ အခါကျတော့ ပြန်လာဖို့အတွက် သူတို့စီစဉ် ပေးပါ့မယ် ဆိုပြီးတော့ပြောတယ်" ဟု ကိုတိတ်နိုင်က မဇ္ဈိမကို ပြောသည်။

ခရီးစဉ်နှင့် ပတ်သက်သည့် အစီအစဉ်အသေးစိတ်၊ ခရီးစဉ်ရည်ရွယ်ချက်၊ လိုက်ပါလာမည့်သူများ စသည်တို့
ကို ဇန်နဝါရီ ၄ ရက်နေ့တွင် သတင်းဌာနများသို့ ထုတ်ဖေါ်ပြောကြားမည်ဟုလည်း ကိုတိတ်နိုင်က ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ဖမ်းဆီးခံခဲ့ရသည့် ၁၂ မြောက် ကာလ သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ စုစည်းပြီး AAPP-B အဖွဲ့ကို ထိုင်းနိုင်ငံတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။

ထိုအချိန်မှစ၍ အကျဉ်းထောင် အသီးသီး၌ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ စာရင်းပြုစုကာ ထိုသူတို့ လွတ်မြောက်ရေးအတွက် နိုင်ငံတကာ၌ လှုံ့ဆော်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့သည့် အဖွဲ့ ဖြစ်သည်။

AAPP-B မှ နောက်ဆုံး ပြုစုထားသည့် နိုင်ငံရေး အကျဉ်းသားများ စာရင်းအရ အကျဉ်းထောင် အသီးသီး၌ မလွတ်မြောက်သေးသည့် နိုင်ငံရေး အကျဉ်းသား ၂၁၈ ဦး ကျန်ရှိနေသေးကြောင်း ကိုတိတ်နိုင်က
ပြောသည်။