နယ်စပ်ကုန်သွယ်ရေးမှ မြန်မာ့ဆန် တင်သွင်းခွင့် အိန္ဒိယဘက်က ခွင့်ပြု

နယ်စပ်ကုန်သွယ်ရေးမှ မြန်မာ့ဆန် တင်သွင်းခွင့် အိန္ဒိယဘက်က ခွင့်ပြု
by -
မဇ္စျိမ

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် ဆန်ကုန်သွယ်မှု ပြုရန် အိန္ဒိယနိုင်ငံ ဘက်က ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆိုသည်။

“အိန္ဒိယ၊ မိုးရေးမြို့ဘက်ကို မြန်မာဆန်တွေ နယ်စပ်က တပိုင်တနိုင် သွားနေခဲ့တာပါ။ အခုလို တရားဝင် ခွင့်ပြုလိုက် တာကို ကြိုဆိုရမှာပါ။ တရုတ်စျေးကွက်သာ မကဘဲ အိန္ဒိယဘက်ကိုပါ ဆန်တင်ပို့ဖို့ ထွက်ပေါက် တခု ထပ်တိုးလာ တာလို့ ပြောလို့ ရပါတယ်” ဟု အသင်းချုပ်မှ ဗဟိုအလုပ်မှုဆောင် ဒေါက်တာစိုးထွန်း က မဇ္စျိမကို ပြောသည်။

အိန္ဒိယနိုင်ငံမှာ ဆန်စပါး အများဆုံးထုတ်လုပ်သည့် နိုင်ငံများတွင် ဒုတိယနေရာ၌ ရှိနေပြီး ဗဟိုအစိုးရတွင် ပိုလျှံ သိုလှောင်ဆန်လည်း အများအပြား ရှိနေသော်လည်း မြန်မာ့ဆန်ကို ၎င်းတို့၏ အရှေ့မြောက်ပြည်နယ် များသို့ တင်သွင်းခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

“သူတို့နိုင်ငံက ဆန်ပိုလျှံတဲ့ နိုင်ငံ ဖြစ်ပေမယ့် Assam (အာသံ) ပြည်နယ်က ထွက်တဲ့ ဆန်ထက် (မြန်မာ့ဆန်က) အရည်အသွေး ပိုကောင်းတယ်လို့ သိရတယ်” ဟု တမူးမြို့ရှိ ကုန်သည် ဦးလှဦး က ဆိုသည်။

ယင်းခွင့်ပြုချက်ကြောင့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ဆန်ကုန်သည်များ ပိုမိုတင်ပို့နိုင်မည်ဖြစ်ကာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှ ဆန်များမှာ လမ်းခရီး ကွာဝေး၍ ယှဉ်ပြိုင်တင်ပို့နိုင်မည် မဟုတ်ကြောင်း ဆန်ကုန်သည် အချို့က သုံးသပ်သည်။

“ဆန် တင်ပို့ခွင့် ရတယ်ဆိုရင်တောင် လမ်းပန်း ဆက်သွယ်ရေးကတော့ အခက်အခဲ ရှိနိုင်တယ်။ ဘာကြောင့်လဲ ဆိုရင် ကလေး-ကလေးဝ-ရာကြီးလမ်းက နွေဘက်ပဲ သွားလို့ရတယ်။ မိုးတွင်းဆို လမ်းမကောင်းဘူး။ စစ်ကိုင်း-ကလေး- ကလေးဝ ဘက်က သွားရင် အတော်ဝေးတယ်။ အဲဒီက တံတားတွေကလည်း တန်များများ တင်လို့မရနိုင်ဘူး” ဟု ပြည်ပစျေးကွက်သို့ ဆန်တင်ပို့နေသူ ဦးမျိုးက ပြောသည်။

အိန္ဒိယသို ့ဆန်တင်ပို့မှုမှာ တရုတ်စျေးကွက်လောက် ဝယ်လိုအား ရှိမလာနိုင်ကြောင်းလည်း ဆန်ကုန်သည် အချို့က ခန့်မှန်းကြသော်လည်း စီးပွားရေးပညာရှင်တဦးကမူ “အခုလို ခွင့်ပြုခြင်းဟာ အိန္ဒိယနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံတွေရဲ့ ကုန်သွယ်မှု တိုးမြှင့်ဖို့နဲ့ အနာဂတ်မှာ မြန်မာနိုင်ငံက တဆင့် ဆက်သွယ်တဲ့လမ်းကြောင်း တိုးမြှင့်ရည်ရွယ်တဲ့ အိန္ဒိယရဲ့ အရှေ့မျှော် မူဝါဒအတွက် တိုးတက်မှုတခု ဖြစ်လာနိုင်ပါတယ်”ဟု ပြောကြားသည်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင် မူလက တရားဝင် ခွင့်ပြုချက်ရ ပစ္စည်းအမျိုးအမည် ၄ဝ ရှိရာမှ နိုဝင်ဘာလ အတွင်းတွင် နောက်ထပ် ကုန်ပစ္စည်း ၂၂ မျိုးကို ထပ်မံခွင့်ပြုခဲ့သည်။

ထို့ပြင် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တဦးချင်း ကုန်သွယ်ခွင့် ကတ်များကို လျှောက်ထား တင်သွင်းခွင့် ပြုလျက် ရှိရာ ဒီဇင်ဘာလ ၁၂ ရက်နေ့ထိ လျှောက်ထားသူ ၄ဝ ကျော် ရှိနေကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးဌာနက ဆိုသည်။

Most read this week