မန္တလေး ဖယောင်းတိုင်ထွန်း ဆန္ဒပြသူများ တရားစွဲဆိုခံရ

မန္တလေး ဖယောင်းတိုင်ထွန်း ဆန္ဒပြသူများ တရားစွဲဆိုခံရ
by -
မဇ္ဈိမ

မန္တလေးမြို့ လျှပ်စစ်မီး လုံလောက်စွာရရှိရေးအတွက် မေလအတွင်းက ဖယောင်းတိုင် မီးထွန်း ဆန္ဒဖော် ထုတ်ရာတွင် ပါဝင်ခဲ့သူများအား ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေဖြင့် ချမ်းအေးသာစံမြို့ နယ်၊ အမှတ် ၈ ရဲစခန်းသို့ စနေနေ့က ခေါ်ယူခဲ့ကြောင်း သိရှိရသည်။

အဆိုပါနည်းဥပဒေမှာ ၎င်းတို့ ဆန္ဒပြစဉ်က အတည်ပြု မပြဋ္ဌာန်းရသေး၍ တရားမဝင်ကြောင်း စွပ်စွဲခံထားသူ မအမာနီ က ပြောသည်။

“ဒီပုဒ်မက ၂ဝ၁၁ ဒီဇင်ဘာ ၂ ရက်နေ့က မူကြမ်းထွက်လာတယ်။ အဲဒီဥပဒေ မူကြမ်းက ကျနော်တို့ အမှုဖြစ်ချိန်မှာ မူကြမ်းပဲ ထွက်သေးတယ်။ အတည်မဖြစ်သေးဘူး။ အဲဒီအချိန်မှာ ဘယ်ပြည်သူမှ မသိသေးဘူး” ဟု မဇ္စျိမကို ပြော သည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေကို ဇွန် ၁၄ ရက်နေ့မှသာ ထုတ်ပြန် ထားခြင်း ဖြစ်သည်။

စက်တင်ဘာ ၆ ရက်နေ့ နေ့လည်ပိုင်းက ဒု-ရဲအုပ် ချစ်ကိုကို အပါအဝင် လူ ရ ယောက်က မအမာနီ အား ရဲစခန်းမှ စစ်ချက်ရယူရန်အတွက် လာရောက် အကြောင်းကြားခဲ့ပြီး တနင်္ဂနွေနေ့တွင် သွားရောက်ခဲ့ရာမှ မေလ ၂၇ ရက်နေ့ ကတည်းက ၎င်းတို့အား အမှုဖွင့်ထားပြီးဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ဆိုသည်။

မေလလယ်ပိုင်းက မန္တလေးမြို့တွင် သုံးညဆက်တိုက် လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်မီးထွန်း ဆန္ဒပြပွဲများ ဖြစ်ပွား ခဲ့ပြီး ၈၈ ကျောင်းသားဟောင်းများအဖွဲ့မှ မအမာနီလည်း ပါဝင်ခဲ့သည်။ 

“ပြည်သူတရပ်လုံး ခံစားချက်ကို ပြည်သူတွေ ထုတ်ဖော်တာ။ ကျနော်တို့ ဦးဆောင်တာလည်း မဟုတ်ဘူး။ ပြည်သူ တရပ်လုံးလုပ်တဲ့ ကိစ္စ။ အဲဒီဓါတ်ပုံထဲက လူတွေကို လိုက်ပြီး စစ်မယ်ဆိုရင်၊ ဖယောင်းတိုင်မီးထွန်း ဆန္ဒဖော်ထုတ် တဲ့ ပြည်သူတရပ်လုံးကို အမှုဖွင့်ရမယ့်သဘောပဲ” ဟု မအမာနီ က ဆိုသည်။

ထိုစဉ်က ဆန္ဒဖော်ထုတ်ရာတွင် ပြည်သူလူထုအင်အား ထောင်ချီပါဝင်ခဲ့သော်လည်း သူမနှင့်အတူ NLD ပါတီမှ ဒေါ်ခင်သန်းမြင့်နှင့် အခြားအမျိုးသားတဦး စုစုပေါင်း ၃ ဦးကိုမှ ရွှေးချယ် အမှုဖွင့်ထားကြောင်း ၎င်း ကဆိုသည်။

“အဲဒီတုန်းက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့သူတွေကို ဖမ်းမှာလား၊ တရားစွဲမှာလားလို့ မေးတော့ တိုင်းလျှပ်စစ်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောပါတယ် ဖမ်းလည်းမဖမ်းပါဘူး၊ တရားလည်းမစွဲပါဘူးလို့ သူကိုယ်တိုင် ပြောတယ်ဗျ။

နိုင်ငံရေးလောကမှာ ၈၈ ကတည်းက လှုပ်ရှားနေတဲ့သူတွေ၊ နာမည်ရှိနေတဲ့ လူတွေအကုန်လုံး မတ်လည်း ရပ်မကြည့်နဲ့ ဝင်လည်းမပါနဲ့၊ အဲလိုဖြစ်နေတဲ့ အပြင်ကို ကျနော်တို့ကို ရဲစခန်းက ခေါ်တယ်ဆိုတဲ့ သတင်းတွေက ပြည်သူလူထုကိုပါ ခြိမ်းချောက်တဲ့သဘော ဖြစ်နေတယ်” ဟု ဆိုသည်။

ရဲစခန်းမှ ပြန်လာပြီးနောက် စက်တင်ဘာ ၈ ရက်နေ့ ရက်စွဲဖြင့် သူမ အပြင် နောက်ထပ် ၉ ဦးအား တရားစွဲဆိုခံ ရနိုင်ဖွယ်ရှိကြောင်း သူ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

သမ္မတကြီးဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေ
သော်လည်း အောက်ခြေ အာဏာပိုင် အဖွဲ့အစည်းများတွင် ပြုပြင်ပြောင်းလဲမှုများကို မမြင်တွေ့ရကြောင်း “သူတို့ဘက်က ရုံးတင်လာရင် ကျနော်လည်း ရှေ့နေငှားမှာ။ စွဲသင့်တဲ့သူမှန်သမျှကို ကျနော်ကလည်း တရားစွဲမှာပါ။ လူခွင့်ရေးချိုးဖောက်မှု ဘက်ကနေ တရားစွဲမှာပါ” ဟု မအမာနီ က မဇ္စျိမကို ပြောသွားသည်။

ထိုအချိန်က ဖယောင်းတိုင်းမီးထွန်း ဆန္ဒဖော်ထုတ်သူ ၆ဝ ဦးခန့်အား နယ်မြေခံ ထောက်လှမ်းရေး SB က ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးအရေးယူခြင်း မရှိခဲ့ပေ။

မေလ အတွင်းက လျှပ်စစ်မီးရရှိရေး အတွက် မုံရွာနှင့် မန္တလေးမြို့များတွင် ပြည်သူလူထုအင်အား ထောင် နှင့်ချီ ဆန္ဒပြခဲ့ကြသည်။

အဆိုပါ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံရပြီး ပြစ်မှုထင်ရှားလျှင် ၁ နှစ်အထက် မပိုသော ထောင်ဒဏ်၊ ကျပ်ငွေ ၃ သောင်းထက် မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံးကို ဖြစ်စေ ချမှတ်နိုင်သည်။