ခြောက်နိုင်ငံ သံဃာများ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာကမ်း

ခြောက်နိုင်ငံ သံဃာများ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာကမ်း
by -
မဇ္ဈိမ

ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ရဟန်းတော်များ၏ လုံခြံုရေး အာမခံချက် ပေးရန် အတွက် ဘန်ကောက်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံအချို့မှ သံဃာ အပါး ၁ဝဝ နီးပါးခန့် အောက်တိုဘာ ၂ ရက်နေ့ နံနက်က စုစည်း ဆန္ဒပြ၍ ဘင်္ဂလားဒေ့ရှ် အစိုးရထံ အိတ်ဖွင့်ပေးစာ တစောင် ပေးအပ်ခဲ့ကြသည်။

Bankaladaskembussy
“ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အခြားနိုင်ငံတွေက ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ပါတယ်။ ခြောက်နိုင်ငံလောက် ရှိမယ်၊ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။ သံရုံးထဲကတော့ ထွက်ပြီး တစုံတရာ တုန့်ပြန်တာ မရှိဘူး။ ဝန်ထမ်းတဦး ထွက်လာ တယ်၊ ဘုန်းဘုန်းတို့က အိတ်ဖွင့်ပေးစာကို ပေးလိုက်ပြီး ဒီစာကို ဝန်ကြီးချုပ်ဆီ ပို့ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်” ဟု ဦးဆောင်ဆန္ဒပြသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရှင်အာနန္ဒာ က မဇ္စျိမအား မိန့်ကြားသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ သန်းခေါင် အချိန်ခန့်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ပင်းဝါရွာကြီး (ခေါ်) ရာမူး Ramu ဒေသရှိ ဘုန်းကြီးကျောင်းများနှင့် စေတီများအား လူအုပ်ကြီးမှ စတင်တိုက်ခိုက်ဖျက်ဆီး၍ မီးရှို့ခဲ့ကြသည်။ ကော့ဘဇားခရိုင်နှင့် စစ်တကောင်းနယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၁၉ ကျောင်း၊ သိမ် ၃ လုံးခန့်နှင့် လူနေအိမ်ခြေနှစ်ဆယ် ဝန်းကျင်ခန့် ပျက်စီးဆုံးရှူံးခဲ့ရသည်ဟု အရှင်အာနန္ဒာ က မိန့်ဆိုသည်။

“ဒီလို ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ ဗုဒ္ဓဘာသာ ဝင်တွေကို အကြမ်းဖက် ပြုမူလာတဲ့အပေါ်မှာ UN (ကုလ)ရဲ့ သတိရှိရှိ ပြုမူ ဆက်ဆံဖို့ ဘုန်းဘုန်းတို့ လိုချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကို ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေ၊ ပြည်သူတွေနဲ့၊ သာသနိက အဆောက်အအုံတွေ အပေါ်မှာ လုံခြံုရေး အာမခံပေးဖို့ လုပ်ဆောင်သွားမှာပါ” ဟု ဆက်လက်မိန့်ဆို သည်။

အစ္စလာမ် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ကိုရမ် ကျမ်းစာအုပ်အား မဖွယ်မရာ စော်ကားထားသည့်ပုံ ဖေ့စ်ဘွတ် စာမျက်နှာများပေါ်တွင် ပျံ့နှံ့လာပြီးနောက် ထိုပုံကို ဗုဒ္ဓဘာသာဝင် လူငယ်တဦးက တင်သည်ဟု စွပ်စွဲကာ ဒေါသထွက်၍ စုဝေးကြရာမှ ယခုကဲ့သို့ ဗုဒ္ဓဘာသာ အဆောက်အဦများအပေါ် အကြမ်းဖက်တုန့်ပြန် ကြသည်အထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၃ဝ နှင့် ၃၁ နေ့များ၌ ဘန်ကောက်ရှိ ရဟန်းတော်များ စုပေါင်း၍ အစည်းအဝေးတခု ပြုလုပ်ခဲ့ကာ ထိုသို့ဆန္ဒပြရန် ဆုံးဖြတ်ချက် ချခဲ့သည်ဟုလည်း ဘန်ကောက် ခရိုင်၊ ဗန်းခင်ရှိ ဝါဒ်တလောင် ကျောင်း၌ သီတင်း သုံးနေသည့် မြန်မာ ရဟန်းတော် အရှင်ရေဝတ က မိန့်ကြားသည်။

“ဦးဇင်းကတော့ ဆန္ဒပြတဲ့ ထဲတော့ မပါသွားဘူး။ ဒီလို အကြမ်းဖက်တာကာတော့ ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး၊ ဘယ်ဘာသာကမှ လက်မခံပါဘူး။ အထူးအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာက ဗုဒ္ဓဘာသာဝင် တွေက လူနည်းစုလေ။ ဘာသာရေးကို အကြောင်းပြပြီး ဒီလို အကြမ်းဖက် ပြုမူတာက ဒါက မလုပ်သင့်တဲ့ကိစ္စပါ” ဟု မဇ္စျိမအား မိန့်ဆိုသည်။

ဗုဒ္ဓဟူးနေ့တွင်လည်း ဘန်ကောက်ရှိ ကုလသမဂ္ဂ ရုံးရှေ့သို့ သွားရောက် ဆန္ဒပြရန် စီစဉ်ထားပြီး EU ရုံးနှင့် တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန် သံရုံး များအား အိတ်ဖွင့် ပေးစာ ပေးပို့သွားမည်ဟုလည်း သိရှိရသည်။

ကော့ဘဇားခရိုင်ရှိ ဗုဒ္ဓဘာသာဝင်များမှာ သက်၊ ဒိုင်းနက်၊ မျို၊ ခမီ၊ ဘရုဝါ (မာရမာကြီး) နှင့် ရခိုင်လူမျိုးများ ပါဝင်ပြီး လူဦးရေအားဖြင့် သုံးသိန်းခန့် ရှိသည်။

တနင်္ဂနွေနေ့ အကြမ်းဖက်မှုနှင့်ပတ်သက်၍ ဒေသခံ ရဲစခန်းများတွင် လူပေါင်း ၁၇ဝ ကျော် ဖမ်းဆီး ထိန်းသိမ်းထားပြီး လုံခြံုရေးတပ်များ၏ ပတ်ခတ်ဟန့်တားမှုကြောင့် ခြောက်ဦး သေဆုံးကာ ၁၃ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။

ကော့ဘဇားခရိုင်၊ ရာမူး၊ အူခီးယားနှင့် တက်ခ်နက်ဖ် ဒေသများတွင် တနင်္ဂနွေနေ့ နံနက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရ သော်လည်း ရာမူးဒေသတွင် အင်္ဂါနေ့က ရုတ်သိမ်းပေးခဲ့သည်။

ထိုအကြမ်းဖက်မှုမှာ ရိုဟင်ဂျာများနှင့် ဆက်စပ်နေပြီး အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ BNP ၏ ဥပဒေပြုအမတ်လည်း အားပေးအားမြှောက် ပြုသည့်အထဲတွင် ပါဝင်သည်ဟု ပြည်ထဲရေးဝန်ကြီးက စွပ်စွဲပြောဆို ထားသော်လည်း BNP ပါတီက “အခြေအမြစ်မရှိ” ဟု ငြင်းဆိုထားကာ တရားမျှတသော စုံစမ်းရေးကော်မရှင် ဖွဲ့ရန် တောင်းဆိုထားသည်။

ထိုအကြမ်းဖက်မှုနှင့်ပတ်သက်၍ အင်္ဂါနေ့တွင် ဒက္ကာတက္ကသိုလ်ရှိ ရာမူး ကျောင်းသားများဖိုရမ်မှ ကျောင်းသား ၃ဝဝ ခန့်က လက်ချင်းဆက် ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ကြပြီး ရာမူး အကြမ်းဖက်မှု တရားခံအစစ်များ ဖော်ထုတ်အရေးယူပေး ရန် တောင်းဆိုခဲ့ကြသလို Bangladesh Chhatra League မှလည်း တက္ကသိုလ်ပရဝုဏ်အတွင်း စီတန်းလှည့်လည် ကာ ထိုတောင်းဆိုချက်များအတိုင်း ဆန္ဒပြခဲ့ကြသည်။

Most read this week