ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်နိုင်ငံတွင် ရောက်ရှိ နေကြသည့်ထိုင်းဝန်ကြီး ချုပ် ယင်လပ် ရှင်နာဝပ်ထရာ နှင့် မြန်မာသမ္မတ ဦးသိန်းစိန် တို့သည် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သတ်၍ နယူးယောက် မြို့တွင် သီးသန့် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။
အမေရိကန် ဒေါ်လာ ၆ဝ ဘီလီယံခန့် ကုန်ကျဖွယ် ရှိသည့် ရေနက်ဆိပ်ကမ်း နှင့် အထူး စီးပွါးရေးဇုန် စီမံကိန်း အတွက် နှစ်နိုင်ငံအနေဖြင့် ငွေကြေးထည့်ဝင် ထောက်ပံ့ရန် သြဂုတ်လအတွင်းက ကတိကဝတ် ပြုထားကြ သော် လည်း စီမံကိန်း ရှေ့ဆက်ရန်အတွက် ဘဏ္ဍာငွေ ရှာဖွေရာတွင် အခက်အခဲ ကြံုနေရဆဲ ဖြစ်သည်။
လွန်ခဲ့သည့် သီတင်းပတ်က ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ရာတွင် ဂျပန်မှ ရရှိရန် မျှော်မှန်းထားသည့် ချေးငွေ အမေရိကန် ဒေါ်လာ ၃.၂ ဘီလီယံ ရရှိသည့်အချိန် တိုင်အောင် ထိုင်းဘဏ်များအနေဖြင့် စီမံကိန်း ရှေ့ဆက်နိုင်ရန် အတွက် ရေတို ချေးငွေများ ထုတ်ချေးကြမည် ဖြစ်သည်ဟု ဆိုထားသည်။
ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် အီတာလျံ-ထိုင်း ကုမ္ပဏီ ITD သည် ထားဝယ်ဒေသတွင် ရေနက်ဆိပ်ကမ်း တခုနှင့် အထူး စီးပွါးရေးဇုန် တည်ဆောက်ရန်အတွက် ၂ဝ၁ဝ ခုနှစ်တွင် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
သို့ရာတွင် ITD အနေဖြင့် စီမံကိန်း တည်ဆောက်မှှု ပထမ အဆင့် အဖြစ် လမ်းများ၊ လျှပ်စစ်မီး ပေးရေး ကဲ့သို့သော အဓိက ဝန်ဆောင်မှှု လုပ်ငန်းများနှင့် ဆိပ်ကမ်းတခု တည်ဆောက်ရေးအတွက် ကုန်ကျမည့် ဒေါ်လာ ၈.၅ ဘီလီယံ ပြည့်မီအောင် ထည့်ဝင်ရန် ပျက်ကွက်နေသောကြောင့် စီမံကိန်းအနေဖြင့် အခက်အခဲများ ကြံုတွေ့နေရသည်။
“အီတာလျံ-ထိုင်း အနေနဲ့ ငွေကြေးတွေကို စီမံတဲ့နေရာမှာ အခက်အခဲတွေ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ အခု ထိုင်းအစိုးရကနေ စီမံကိန်းကို လွှဲပြောင်းယူနေပါတယ်” ဟု ထားဝယ် အထူးစီးပွါးရေးဇုန် ဥက္ကဋ္ဌ ဦးသောင်းလွင်က ရိုက်တာ သတင်းဌာနအား ပြောကြားခဲ့သည်။ “နောက်တဆင့်ကတော့ ဂျပန်ကို ဖိတ်ခေါ်ဖို့ပါ” ဟု သူက ဆိုသည်။
သြဂုတ်လ အတွင်းက ထိုင်းနိုင်ငံတွင် ထိုင်းဝန်ကြီးချုပ် ရင်လပ်ခ်နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့ ထားဝယ် စီမံကိန်းနှင့် ပတ်သတ်၍ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်းတွင် ထိုင်းဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အား နှစ်ကြိမ်ရွှေ့ဆိုင်း ထားခဲ့သည်။
ထိုင်းဝန်ကြီးချုပ်သည် ဦးသိန်းစိန်နှင့် ဆွေးနွေးပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် ထိုင်း ဘဏ္ဍာရေးဝန်ကြီး Kittiratt Na-Ranong၊ နိုင်ငံခြားရေးဝန်ကြီး Surapong Towichukchaikul ၊ သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး Charupong Ruangsuwan နှင့် ဒုတိယ သယ်ယူပို့ဆောင်ရေး ဝန်ကြီး Chatchart Sithipan တို့နှင့် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
ITD အနေဖြင့် မြန်မာနိုင်ငံနှင့် နားလည်မှှု စာချွန်လွှာကို ၂ဝဝ၈ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ထားဝယ် စီမံကိန်းကို စတင်ခဲ့သည်။ ထို ၁ဝ နှစ် စီမံကိန်းတွင် ရေနက်ဆိပ်ကမ်းများ၊ စက်ရုံအလုပ်ရုံကြီးများ၊ ရုံးအဆောက် အဦးများနှင့် စီးပွါးရေးနှင့် ကုန်သွယ်မှှု ဧရိယာများ ပါဝင်သည်။
ကုမ္ပဏီ အနေဖြင့် စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် ကန်ထရိုက် ရရှိခဲ့ခြင်း ဖြစ်ပြီး စီမံကိန်း၏ ပထမအဆင့် တန်ဖိုးမှာ ဒေါ်လာ ၈.၆ ဘီလီယံခန့် ရှိသည်။
အခက်အခဲများ ကြံုတွေ့လာရပြီးနောက် စာချုပ်တွင် ပါရှိသည့် ထားဝယ် အထူး စီးပွါးရေးဇုန်အတွင်း စက်မှှုဇုန် နယ်မြေ ဧရိယာအား ၂၅ဝ စတုရန်း ကီလိုမီတာမှ ၂ဝဝ စတုရန်း ကီလိုမီတာသို့ လျှော့ချခဲ့ရသည်။